Skip to main content

ခြေရာ ဖျောက်သော Messenger "

 "ခြေရာ ဖျောက်သော Messenger "

=======================


 "သူ ..."


 အလုပ်ကိစ္စတစ်ခုကြောင့် မိတ်ဆွေနှင့် ဆုံရန် ချိန်းထားသဖြင့် အချိန်မီဖို့ရယ်၊ အိမ်မှာလည်း ပျင်းနေ တာကြောင့် စောထွက်လာပြီး သူတို့ နယ်မြို့လေးရဲ့ ကမ်းနားလမ်း တလျှောက် ကားလေးကို လေညှင်းခံရန် အလိုငှာ ဖြေးဖြေမောင်းလာရင်း FM ဖွင့်ပြီး သီချင်း နားထောင်လိုက်သည်။


တိုက်တိုက်ဆိုင်ဆိုင် သူတို့ ဆယ်ကျော်သက်အရွယ် လူငယ်‌တွေကြားမှာ ရေပန်းစားခဲ့သော အဆိုတော် ကောင်းမြတ် သီဆီုခဲ့တဲ့ “ ချစ်ခွင့်ရချင်ပြီ” ဆိုတဲ့ သီချင်း စာသားလေးဖြစ်တဲ့ 



 “Baby ……

 Your’re my No 1

 I ….. I Love you

 မင်းရဲ့ဆံနွယ်တွေ လေမှာလွင့်နေတယ် 

 ညင်သာစွာ နမ်းရှိုက်ခွင့် ရချင်လည်း …….”  လို့ သီချင်းအစ ကြားရင်ပဲ ပြင်ပလေ လတ်လတ်ဆတ်ဆတ် လေး ဝင်အောင် ဖွင့်ထားသော ကားမှန်ကို အကုန်ပြန် တင်လို့ ကားမှန်အလုံပိတ်ရင်း သီချင်းသံကို အနည်းငယ်မြှင့်လိုက်သည်။


ထို့နောက်

Air Con အနည်းငယ်တင်ရင်း ထိုသီချင်းနှင့်အတူ လက်ရှိ အချိန်ဖြစ်တဲ့ သုံးဆယ့်ငါးနှစ်ကျော် အရွယ်ကို မေ့ပြီး ဆယ်ကျော်သက်အရွယ်တုန်းကလို သီချင်းကို အကျယ်ကြီး လိုက်ဆိုရင်း ကားတစ်ချက် ကွေ့လိုက်ရင်ပဲ ….


 "ဟာ …….." ဆိုတဲ့ အာမေဋိတ် သံနှင့်အတူ သူ ဂီယာ တစ်ချက် ချက်ချင်းချိန်းလိုက်ပြီး ဘရိတ်နင်းလိုက်သလို...


တဖက်မှ စက်ဘီးစီးလာသူက သတိရှိဟန်ဖြင့် မတိုက်မိ အောင် စက်ဘီးကို ဘေးသို့ ကွေ့ချပြီး မလဲအောင် ထိန်း၍ ရပ်လိုက်လေသည်။


စက်ဘီးနောက်မှာပါလာသော ကောင်မလေးက စက်ဘီး ပေါ်မှ ခုန်ချ၍ အနည်းငယ် ကြောက်နေဟန် ပြနေသော်လည်း စက်ဘီးနင်းလာသော သူမကတော့ ရုပ်ကလေးနှင့် မလိုက်အောင် မျက်ထောင့်နီနီနဲ့ ခါးထောက်နေတာကြောင့် သူ ကားပေါ်က ဆင်းလိုက်ရင်း


“ညီမတို့ ဘာဖြစ်သွားသေးလဲ

ဆောရီးပါဗျာ

ကျွန်တော် သတိလေး နည်းနည်းလွတ်သွားလို့ပါ” လို့ အေးအေးလေးပြောတော့ စက်ဘီးအနောက်မှာ ပါလာသော ညီမမှ 


“ ရပါတယ် အစ်ကို

ညီမတို့လည်း ဘာမှ မဖြစ်တာ

နည်းနည်းကြောက်သွားတာပဲ

လမ်းကွေ့ဆိုတော့လည်း ဖြစ်တတ်ပါတယ်


ဒီနားက ခဏ ခဏ ဒီလိုပဲ

ပြီးတော့ 

သူကလည်း တစ်ခါ တစ်လေမှ ပြန်လာတော့ 

ဒီလမ်းတွေ သတိထားဖို့ မေ့သွားလို့ပါ” လို့ ပြောရင်ပဲ ခါးထောက်နေတဲ့ သူမက သူငယ်ချင်းဘက်ကို မျက်စောင်းထိုးရင်း 

“ အေး …. ငါမပြောလိုက်ချင်ဘူး” လို့ စကား အဆုံး သူ့ဘက်လှည့်၍ 


“ရှင်လည်း ကိုယ့်လမ်းကိုယ်သွားပေါ့ 

ဒီအသက်အရွယ်ရောက်နေပြီ

သတိတော့ရှိပေါ့…” ဆိုပြီး တဆက်တည်း သူမ သူငယ်ချင်းဘက် လှည့်လို့


“ ဟဲ့ … သွားမယ်” လို့ ဆိုပြီး စက်ဘီးကို နင်းပြီး ထွက်သွား လိုက်သည်။


ထိုသို့ ထွက်သွားရင်ပဲ ကျွန်တော် နားထောင် နေရင်း တန်းလန်းဖြစ်သော သီချင်းကို ပြန်တွေးလို့ မျက်စောင်း တစ်ချက်ထိုးလို့ ကမ်းနားလမ်း လေစိမ်းတွေကြား လေစိမ်းတွေတိုက်ကာ ထွက်သွားလေသော သူမကို ငေးကြည့်မိရင်း ……


ဘာရယ်မဟုတ် 

လက်မှ အသင့်ကိုင်ထားသော ကားသော့ ဂွင်းလေးကို လူငယ်တစ်ယောက်လို လက်ငြိုးထဲထည့်လို့ ဝှေ့ရမ်းကစားလိုက်ပြီး

"ချစ်ခွင့်ရချင်ပြီ" ဆိုတဲ့ သီချင်း တီးလုံးလေးကို လေချွန် သီဆိုရင်း....


သူ…… 

လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုတုန်းကလို ပြန်ပြီးရင်‌တွေ ခုန်တာပါလားလို့ အတွေးနဲ့ အတူ ပြုံးရင်း ကားဆီသို့ ……


©©©©©


သူမတို့ နှစ်ယောက် ကမ်းနားလမ်းက အအေးဆိုင် ရောက်ပြီဆိုရင်ပဲ စက်ဘီးပေါ်ကဆင်းလို့ ဧရာဝတီမြစ်ပြင်ကြီးကို လွတ်လွတ်လပ်လပ်မြင်တွေ့ရမယ့် ထောင့်ခုမှာ ထိုင်လိုက်သည်။

ပြီးမှ သူမက စက်ဘီးနောက်မှာပါသော သူငယ်ချင်းဘက်ကို လှည့်လို့

 “ညည်းက 

ဟိုဘဲကြီးကို ဘာလို့ သဘောတွေ ကောင်းပြနေတာလဲ

ငါ့တောင် အပြစ်တင်နေသေးတယ်

မှားတာက သူလေ

တစ်ခုခု မဖြစ်လို့ပေါ့ 

ဖြစ်လို့ကတော့ မလွယ်ဘူးသာမှတ်” ဆိုပြီး ဒေါသ မသေသေးသော သူမကို သူငယ်ချင်းဖြစ်သူမှ 


 “ ဖီရယ် ……

ညည်းကလည်း 

သူက ယဉ်ယဉ်ကျေးကျေးပြောနေတာကို

ငါတို့က ရိုင်းလို့ဖြစ်မလား

ပြီးတော့ 

သူက ငါတို့ထက် အသက်နှစ်ဆလောက်ရှိတယ်

(၃၄) (၃၅) လောက်ရှိမယ်ထင်တယ်” ဆိုတော့


“ကောင်မ 

ညည်းက ဘယ်နဲ့ ခုမှ တွေ့တဲ့သူကို ဘယ်လိုသိနေတာလဲ

ပြီးတော့ 

ညည်းပြောသလောက်လည်း အသက်ကြီးပုံမရပါဘူး” ဆိုတော့


 “သူနဲ့ ငါနဲ့ Facebook မှာ Fri ဟ 

သူတော့ သိမယ်မထင်ဘူး

ငါလည်း သုံးသာ သုံးတာ စာပဲ လိုက်ဖတ်နေတာကို

သူ့အတွေးအခေါ်နဲ့ပတ်သက်တဲ့ စာလေးတွေရေးတာ ငါဖတ်ဖူးတယ်

သဘောကျတယ်

နင်ကြိုက်တဲ့ စာရေးဆရာ စစ်ငြိမ်းတို့လိုပေါ့” ဆိုတော့ 


“အံ့ဩပ

ငါဖြင့် သူ့ကို သိတောင်မသိဘူး….” 


“အေး နင့်လိုပေါ့အေ

နင်လည်းအောင်မြင်အောင် ကြိုးစားနေတဲ့ 

အဆိုတော်တစ်ယောက်ပဲ

ဒါပေမဲ့

နင့်ကို ဟိုကလည်း သိပုံမရပါဘူး” ဆိုပြီး ပြောလိုက်ရင်ပဲ


 “ကောင်မ 

သူငယ်ချင်းကောင်း ပီသတယ်

ငါ့ဘက်က မရှိဘူး

သူ့လူဘက်က ..." လို့ ဆိုပြီး မှာထားသော အအေးတွေ သောက်ရင်း …..


©©©©©


ညရောက်လို့ သိင်္ဂီ Facebook ကို ဖွင့်လိုက်ရင်ပဲ မနက်ကမှ ကားနှင့် စက်ဘီး တိုက်မိမလို ဖြစ်လာတဲ့ “သွန်းခ” ဆိုတဲ့ ကလောင်နဲ့ ရေးတဲ့ ဆရာက သိပ်မကြာသေးခင်က တင်ထားသော Status တစ်ခုကို ကြည့်လိုက်မိသည်။


သူတင်ထားတာက

“အချစ်ဆိုတာ 

အသက်အရွယ်နဲ့ မဆိုင်ဘူးတဲ့

ကျွန်တော် လက်ခံလိုက်တယ်

လေနှင့်အတူ လွင့်နေတဲ့ သူမဆံနွယ်နဲ့ 

ကိုယ့်ကို ပေးတဲ့ မျက်စောင်းတစ်ခုကနေပေါ့ …….” ဆိုတဲ့ စာကိုဖတ်ရင်း ထို Status အောက်မှာ သူငယ်ချင်း ဖြစ်သူ သူချစ်စနိုးဖြင့် ခေါ်သော "ဖီ" ခေါ် "သရဖီ" ကို Mention ခေါ်ပြီးနောက် Messenger မှ တဆင့် 


 “ဖီ ....

နင့်ကို ငါ Mention ခေါ်ထားတယ် 

ကြည့်လိုက်” လို့ ပြောတော့


“ဘာများလဲအေ 

ထူးထူးဆန်းဆန်း” လို့ တစ်ဖက်က စာပြန်လိုက်ရင်ပဲ 


“ကြည့်လိုက်ပါ…….” ဆိုတာကြောင့် သူမဖတ်မိပြီး နားမလည်သလိုဖြင့် တစ်ဖက်က သူငယ်ချင်း ဖြစ်သူကို


 “ကောင်မ 

 ညည်းက ဘာလည်းအေ 

ငါ နားကိုမလည်ဘူး” ဆိုတော့


“အဲ့တာ 

မနက်က ငါတို့နဲ့ တိုက်မိမလိုဖြစ်တဲ အကို

သူ့စာရေးတာ နင့်ကို ပြောတာများလားလို့” ဆိုတော့


“အမလေး တော်စမ်းပါအေ

 ညည်းလည်းပါနေတာ

ငါက (၂၀) ကျော်ရင် အဖေခေါ်ချင်နေတာနော်….” ဆိုတာကြောင့် 


“ငါပါတာတော့ ဟုတ်တယ်အေ

 မျက်စောင်းတော့ မထိုးမိဘူး” ဆိုတာကြောင့် 


“ကောင်မစုတ်လို့ …….” Reply ပြန်ရင်း 


©©©©©


သူ့အတွက် ဝါသနာအရ စာရေးတာဖြစ်တာရော 

သူ့စာတွေ ဖတ်ပေးတဲ့သူတွေကို တန်ဖိုးထား လေးစားမှု ကြောင့် တစ်ယောက်ချင်းစီရဲ့ Comment တွေ လိုက်ကြည့်ပြီး Reply ပြန်ရင်း "သိင်္ဂီ" ဆိုတဲ့ Account ရောက်ရင်ပဲ Mention ခေါ်ထားတာကြောင့် သူသေချာ ကြည့်မိလိုက်သည်။


"သိင်္ဂီ" ဆိုတဲ့ account သည် စက်ဘီး နောက်တွင် ပါလာသော ကောင်မလေးဖြစ်ပြီး 


Mention အခေါ်ခံထားရသူမှာ သူရည်ညွှန်းထား သော ကောင်မလေးဖြစ်တာကြောင့် စိတ်မလုံသလိုနဲ့ ပြုံးရင်း နဖူးကို လက်နှင့်ရိုက်လို့ စိတ်ထဲက


 “တစ်သက်လုံး ဖုံးလာသမျှ 

ကုန်းကာမှ ပေါ်ဆိုသလို” ပဲ ဖြစ်နေပြီ လူပျိုကြီးရေလို့ ကိုယ့်ဘာသာ ဆိုရင်း စိတ်မလုံတာကြောင့် သင်္ဂီဆိုတဲ့ account ကို Messenger မှ တဆင့် …


 “မနက်က 

အစ်ကို့ကားနဲ့ ငြိမလိုဖြစ်တဲ့ ညီမထင်တယ်

အဆင်ပြေလား

သက်သာလားဗျ


ညီမတို့ကလည်း ထွက်သွားလို့ 

အစ်ကိုလည်း သွေးနည်းနည်းပူနေလို့

ဘာမှတောင် လုပ်မပေးလိုက်ရဘူး” လို့ သူစာ ပို့လိုက်ရင်ပဲ


 “ရတယ် အစ်ကို

 ညီမက အစ်ကို့စာဖတ်ပေးတဲ့ ပရိတ်သတ်ပဲ

 ဒါ့ကြောင့် မနက်ကတည်းက မြင်တာနဲ့သိနေတာ

 အပြင်မှသာမတွေ့ဖူးတာ” ဆိုတာကြောင့် 


“ဟုတ်ကဲ့ 

ခုလိုနားလည်ပေးတာ ကျေးဇူးပဲ

ရှေ့ကနင်းတဲ့ တစ်ယောက်ကော အဆင်ပြေလား” ဆိုတော့ တစ်ဖက်မှ 


“ပြေတယ်အကို

သူက အဲ့လိုပဲ စကားပြောရင် ဂျစ်ကတ်ကတ်နဲ့

အဆိုတော်ဖြစ်အောင်သာ ကြိုးစားနေတာ ဆက်ဆံရေးကတော့ အဲ့လိုပဲ” ဆိုတာကြောင့် 


“ဪ 

အဲ့တာကြောင့် မြင်ဖူးသလို ကြည့်နေတာ

ပိုတောင် အားနာရမလိုဖြစ်နေပြီ

ကျွန်တော် သူ့ကိုလည်း Messenger ကနေတောင်းပန်လိုက်ပါမယ် 

Add ရင်ရော အဆင်ပြေပါ့မလား မသိဘူး” ဆိုတော့ တစ်ဖက်မှ 


“အစ်ကို ခနနော်…..” ဆိုပြီး သိပ်မကြာခင်မှာပဲ သူ့ရဲ့ Add Friend List တွင် “ဖီ” ဆိုတဲ့ Account လာ Add တယ်ဆိုရင်ပဲ သူချက်ချင်းလက်ခံရင်း တစ်ဖက်မှ သင်္ဂီ ဆိုသော ကောင်မလေးကို Messenger မှ 


“Add  ခိုင်းလိုက်တာ ထင်တယ်

Add လာတယ်” ဆိုတော့


“ဟုတ်တယ် အစ်ကို 

အစ်ကိုသာ သိပ်မသိတာ

သူက ဝန်းရံသူများနေလို့ Add ခိုင်းလိုက်တာ

သူ့ကိုပဲ တိုက်ရိုက်ပြောလိုက်တော့နော်

ညီမ ကိစ္စရှိလို့ Line Out ပြီ” ဆိုတာကြောင့် …..


တစ်ဖက်မှ “ ဖီ” ဆိုသော သူမထံ အရဲစွန့်ရင်း Messenger မှ 

“ညီမ 

မနက်က ကိစ္စအတွက် အကို တောင်းပန်ပါတယ်

အဆင်ရော ပြေလားမသိဘူး” ဆိုတော့ အချိန်အနည်း ငယ်ကြာထိ Reply မပြန်ဘဲ အနည်းငယ်ကြာမှ


“အဆင်ပြေပါတယ် ….. ဦး” ဆိုတာကြောင့် ကျွန်တော်

“ ဗျာ …” လို့ တစ်ချက် ပြန်ပို့လိုက်ရင်ပဲ


“ဟုတ်တယ်လေ 

သမီးက ခုမှ ၁၈ နှစ်ပဲ ရှိသေးတာ

ဦးက သမီး ဦးလေးတွေနဲ့ အရွယ်တူတာရော 

စာရေးဆရာမို့ 

လေးလေးစားစားနဲ့ ဦးလို့ ခေါ်တာလေ” ဆိုတာကြောင့် ကိုယ့်ရဲ့ ပြန်လည် လတ်ဆတ်လာတယ် ထင်သော နှလုံးသားလေးသည် သူပြောမှ အသိုးကြီးများ ဖြစ်နေမလားတွေးရင်း ……


ထိုမှ ….

ထိုမှ တဆင့် ……

ကျွန်တော်တို့ နှစ်ယောက်ရဲ့ ဆက်သွယ်ရေးသည်ကား ……


©©©©©


မဖြစ်နိုင်မှန်း သိပေမဲ့လည်း 

သူ့အတွက် သူမနှင့် ပြောရတဲ့ ကာလတွေဟာ အပျော်ဆုံး အချိန်တွေပါပဲ


သူမ ....

သူရှိသော မြို့တွင် မရှိ


သူမ...

မြို့ပြကြီးမှာ ပရိတ်သတ် အနည်းငယ်အား‌ပေးမှုမှသည် အောင်မြင်ဖို့ အချိန်တိုင်း ကြိုးစားနေသူဖြစ်တာ မို့ အားတဲ့ အချိန် တိုက်ဆိုင်တဲ့ အခါ သူတို့ စိတ်လို လက်ရ ပြောဖြစ်ကြပြန်တယ်


အချို့ရက်တွေမှာလည်း 

ဘာရယ်မဟုတ်ဘဲ သူတို့တွေ သူစိမ်းတွေလို ဖြစ်နေ ကြပြန်တယ်


ဘာမှန်းမသိသော ဆက်ဆံရေးတွေကြား သူတို့ နှစ်ယောက်ကို နီးစပ်ပေးနိုင်သည်ကား Messenger တစ်ခုသာ


 ဒါ့အပြင် 

သူ့အတွက် ကိုယ့်အလုပ်နှင့်ကိုယ် မအားသလို 

သူတို့ ပတ်သက်မှုသည် ဘာမှလည်း မဟုတ်သဖြင့် အကြောင်းပြချက်မရှိဘဲ ဖုန်းလည်း ဆက်ခွင့်မရှိ


ဒါ့ကြောင့်ပဲ

Messenger ကနေ သူမဆီကို အားတဲ့ အချိန် စာပို့ရင်း သူမဘက်က စပို့လာတဲ့ စာဆိုလို့ ထူးထူးခြား စာဆိုတာ မရှိသလောက်ပါပဲ


အဆိုးဆုံးကတော့ 

သူမ Online သုံး/ မသုံး လုံးဝ မသိနိုင်အောင် သူမရဲ့ Account Active Now ကို OFF ထားတာကြောင့် 

သူမ သုံးနေမှန်းမသိ

မသုံးမှန်းမသိ


တစ်ခါတစ်ခါ 

မီးစိမ်းလေး ပြနေပေမဲ့လည်း Seen မပြ…


ဒါတွေကို နေ့စဉ်ကြုံတွေ့ခံစားရင်း 

ကျွန်တော်တို့ ကမ္ဘာကြီးဟာ ရွာတစ်ခု ဖြစ်လာပြီဆိုပြီး သမုတ်ခဲ့တဲ့ ခေတ်


ဆက်သွယ်မှု ကွန်ယက် နည်းစနစ်အမျိုးမျိုးကြားမှာ ယနေ့ မြန်မာပြည်မှာ ရေပန်းအစားဆုံး Facebook နဲ့ Messenger ကြီးက 

ကမ္ဘာကြီးကို ရွာတစ်ခုဖြစ်အောင်

နီးစပ်လာအောင်

သတင်းအချက် အလက်တွေ သိလာ အောင် ကြိုးစားနိုင်ပေမဲ့ ကျွန်တော်နှင့် သူမရဲ့ ဆက်ဆံရေးကို ပိုနီးစေအောင် မစွမ်းဆောင်နိုင်ခဲ့


ထို့အတူ

တတွင်တွင်နဲ့ အသံဆူအောင် လာတတ်သော သူ့ Messenger မှာတော့ သူမရဲ့ Messenger မှ Reply လာမည့် စာသည်လည်း သံလွင်မြစ်ကြီးခြားနေလို့ မရောက်နိုင်သေးတာလားလို့ တွေးရင်း ...


သူပို့သော စာနှင့် 

သူမ Reply အကြား တံတားပဲ ထိုးရ လေမလား…


သူမရဲ့ Messenger သည် 

အခြားသူတွေအတွက်တော့ ဘယ်လိုရှိလိမ့်မည် မသိ

သူ့အတွက်တော့ 

Active မပြသော Messenger 


တစ်နည်းအားဖြင့် ...

ခြေရာဖျောက်သော Messenger တစ်ခုလို့သာ ဆိုရင်း 


တစ်နေ့နေ့တော့ 

Messenger မှာသာမက သူရဲ့ နှလုံးသားထဲကနေ အချိန်အတိုင်းအတာ တစ်ခု ကျော်သွားခဲ့ရင် 

ခြေရာဖျောက်နိုင်ပါစေလို့သာ သူတွေးလို့…


“မင်းရဲ့ အောင်မြင်မှုတွေ 

ကိုယ်တို့ စတင်တွေ့ခဲ့တဲ့နေတုန်းကလို

လေမှာဝဲနေပါစေ ကောင်မလေးရေလို့” Status တစ်ခု ကောက်တင်လိုက်ရင်း …

Comments

Popular posts from this blog

မှတ်သားဖွယ်ရာ စလင်းဝိနည်း

 မှတ်သားဖွယ်ရာ စလင်းဝိနည်း ~~~~~~~~~~~~~~~~~~~~~  အရိယာကို ပြစ်မှားမိသော် ~~~~~~~~~~~~~~~~~  ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။  မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။  အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။  ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။  ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင်  တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။   "ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။  "အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။  ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌  ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။  "သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။  အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။...

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲 ________________________________  ကန္တာရ၀တီ........... ကယား ကမ္ဘောဇ .............  ရှမ်း ကုသိနာဂရ .......... ပုသိမ် ကေတုမတီ .......... တောင်ငူ ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက် ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်  ခေမရဋ္ဌ ......... ကျိုင်းတုံ ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ် ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ် စေတုတ္တရာ .... စလင်းအနောက်ဘက် စိနရဋ္ဌ ..........  ကချင်ပြည်နယ်  စန္ဒပူရ ................  မဏိပူရဘက်နယ်စပ် စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက် ဇေယဝဍ်ဎန ........... တောင်ငူနယ် ဇေယျပူရ ............ စစ်ကိုင်း ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ် တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်  တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း ဓညဝတီ ....................  မြောက်ဦး ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ် ဒွာရာဝတီ .................... သံတွဲ နဂရာဇာ ....................  ...

ကျို့ထိုး(ကျွတ်ထိုး)ပျောက်နည်း

ကျို့ထိုး(ကျွတ်ထိုး)ပျောက်နည်း **************************** ကျွတ်ထိုးခြင်းကိုတစ်ခါတရံ လူတိုင်းဖြစ်ဖူးကြ မည်ဟုထင်မိပါသည်။ အစာလွန်၍လည်းကောင်း၊ အစာစားပြီးချိန်၌လည်းကောင်း၊ လေကြောင့်လည်းကောင်း ဖြစ်တတ်ကြပါသည်။ကျွန်တော်တို့ငယ်ငယ်က ကျွတ်ထိုးပျောက်ရန်နားကိုပိတ်၍ရေအဝသောက်ခြင်းဖြင့်ကုသခဲ့ကြပါသည်။ ထို့အပြင် မိရိုးဖလာနည်းများ ဆေးပညာနည်းများလည်း ရှိကြပါသည်။ ကျွတ်ထိုးလျှင် အသက်ရှုခက်ခဲခြင်း ၊စိတ် အဆင်မပြေဖြစ်ခြင်းနှင့် စကားပြောခြင်း အိပ်ပျော်ရန်ခက်ခဲခြင်းများလည်းဖြစ်တတ်ပါသည်။ထိုအခါစိတ်အဆင်မပြေမှုကြောင့် ဒေါသထွက်၍ ပိုဆိုးတတ်ပါသည်။ ထိုကြောင့်ကျွတ်ထိုးလျှင်ဝေဒနာကို သည်းခံဖို့အရေးကြီးပါသည်။  ယခုနည်းမှာ စိတ်ကိုအခြေခံ၍ အသက်ရှုမှု နည်းအရကုသခြင်းဖြစ်ပါသည်။ (၁)ပထမဦးစွာ ရေကိုသင့်တင့်အောင်သောက်ပါ။ (၂)လေအဝင်အထွက်ကောင်းသောနေရာတွင် ဘေးစောင်းလှဲ၍ဖြစ်စေ ထိုင်လျှက်ဖြစ်စေ သက်တောင့်သက်သာ နေရာယူပါ။ (၃)လေကိုအဆုတ်ထဲသို့တစ်ဝ အပြည့်ရှုသွင်းပါ။ရှုထားသောလေကိုပြန်ထုတ်သောအခါ တစ်ဝက်ခန့်သာပြန်ထုတ်ပါ ။အဆုတ်ထဲတွင်လေချန်ထားပါ။ပြီးလျှင် ထုတ်ထားသောလေကိုရှုပါ။ (၄)အထက်ပါအတိုင်း အပြည့်ရှု ၊တစ်ဝက်ထုတ် ၊အပြည့်ဖြစ်အောင် တစ်ဝက်ပြန်ရှု ၄...