Skip to main content

မှတ်သားဖွယ်ရာ စလင်းဝိနည်း

 မှတ်သားဖွယ်ရာ စလင်းဝိနည်း

~~~~~~~~~~~~~~~~~~~~~ 

အရိယာကို ပြစ်မှားမိသော်

~~~~~~~~~~~~~~~~~ 



ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။ 


မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။ 


အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။ 


ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။ 


ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင် 


တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။  


"ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။ 


"အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။ 


ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌ 


ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။ 


"သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။ 


အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။ 


အရိယူပဝါဒကံထိုက်သူသည် နတ်ပြည် လူ့ပြည်မှာ စုတေသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်ရမူ၍ အပါယ်ဘုံမှာသာ ဖြစ်ရမည်ကို သိအပ်သတည်း။ 


စရိယာပိဋကအဋ္ဌကထာ၊ ၁၅၆ ၌ လာသော 


အရိယူပဝါဒကမ္မံ အဘိသပသင်္ခါတံ ဖရုသဝစနံ ပယုတ္တံ,  


"အရိယူပဝါဒကံသည် ဆဲဆိုခြင်း ဟု ဆိုအပ်သော ဖရုသဝါစာ မည်၏" ဟူသော စကားကို ထောက်ဆ၍ အရိယူပဝါဒကံကို ဖရုသဝါစာကံ၌ သွင်းယူအပ်၏။ 


ပြစ်မှားမိသော အရိယာကို ပြန်၍ တောင်းပန်လျှင် အပြစ်ပြေပျောက်၏ ဟူရာ၌ ဒိဋ္ဌဓမ္မဝေဒနီယကံသာလျှင် အဟောသိကံ ဖြစ်သတည်း။ 


ဥပပဇ္ဇဝေဒနီယကံ၊ အပရာပရိယဝေဒနီယကံတို့သည်ကား အဟောသိကံ မဖြစ်၊ အခွင့်သာသော် ပဝတ္တိအကျိုးကို ပေးသေး၏။ 


ထို့ကြောင့် ဓမ္မပဒအဋ္ဌကထာ၊ ၂၊ ၄၄၅ ၌ 


 သော သတ်တက်ခတ်တုံ ဇာတကာလေ ဥဒကေ ပါတနံ လဘိ။ 


"ထိုဇဋိလသူဌေးသည် မွေးရာအခါ၌ (၇) ကြိမ် ရေမျှောခြင်းကို ခံရပြီ"  ဟု မိန့်အပ်၏။ 


မှန်၏။ ဘဝတစ်ခုတွင် ဇဋိလသူဌေးလောင်း ရွှေပန်းထိန်သည်သည် ဇနီးနှင့် ရန်ဖြစ်ပြီး ထိုင်နေစဉ်ကဿပဘုရားရှင်စေတီအတွက် ရွှေမလောက်၍ လာရောက်အလှူခံသော ရဟန္တာမထေရ်ကို " အရှင်ဘုရားရဲ့ ဘုရားကို ရေထဲပြစ်ချလိုက်" ဟု ပြောဆိုမိခဲ့လေသည်။ 


နောက်မှ သတိသံဝေဂရ၍ ပြန်တောင်းပန်ခဲ့လေသည်။ 


ထိုသို့ ပြန်တောင်းပန်ခဲ့သောကြောင့် ငရဲမကျသော်လည်း ဇဋိလသူဌေးဘဝတွင် ရေထဲသို့ (၇) ကြိမ်တိတိ အပြစ်ချခံခဲ့ရဖူးလေသည်။ 


ဤသည်မှာ ဥပပဇ္ဇဝေဒနီယကံ၊ အပရာပရိယဝေဒနီယကံတို့သည် အဟောသိကံမဖြစ်၊ ပဝတ္တိအကျိုးကို ပေးနိုင်ကြောင်း ခိုင်လုံသော သက်သေပင် ဖြစ်တော့သည်။


ကျမ်းညွှန်း။    ။ 


၁။ ပါရာဇိကဏ်ပါဠိတော်၊ ၆

၂။ ဓမ္မပဒအဋ္ဌကထာ၊ ၂၊ ၄၄၅

၃။ သာရတ်ထဋီကာ၊ ပ၊ ၄၀၃ 

၄။ စလင်းဝိနည်းဂဏ္ဌိသစ်၊ ပ၊ ၁၃၃၊ ၁၃၄၊ ၁၃၅

Comments