Skip to main content

ရူးနေတဲ့ကမ္ဘာ

 ရူးနေတဲ့ကမ္ဘာ

_____________________


မော့ကြည့်တာ အလကားမဟုတ်ဘူး

ယမ်းသီးတွေ ကျလာမှာစိုးလို့တဲ့။


ကမ္ဘာက

ငါတို့ထက် အသက်ကြီးတာမှန်ပါရဲ့

ဒါပေမဲ့ မရင့်ကျက်သေးဘူး


ကမ္ဘာက

တရားတော်တွေလည်း ရှိပါရဲ့

တရားဟောဆရာတွေလည်း ရှိပါရဲ့

ဒါပေမဲ့ တရားမရသေးဘူး



ကမ္ဘာက

ကမ္ဘာစစ်ကြီး(၂)ခုနဲ့ ကြုံခဲ့ပြီ

လူ့အသက်လည်း သန်းပေါင်းရာချီ ကြွေခဲ့ပြီ

ဒါပေမဲ့ အမှတ်မရှိသေးဘူး


ကမ္ဘာက

ဘာသာရေးစစ်ပွဲကြီးတွေနဲ့လည်း ကြုံခဲ့ပြီ

ဒါပေမဲ့ နောင်တမရချင်သေးဘူး


ကမ္ဘာက

လူမျိုးနွယ်စစ်ပွဲတွေနဲ့လည်း ကြုံခဲ့ပြီ

လူမျိုးနွယ်အချို့လည်း မျိုးတုံးပျောက်ကွယ်ခဲ့ပြီ

ဒါပေမဲ့ အကြောက်အလန့် မရှိချင်သေးဘူး


ကမ္ဘာက

ထစ်ခနဲရှိ

ပစ်မယ်ခတ်မယ်ဆိုတာချည်းပဲ


ထစ်ခနဲရှိ

အကြမ်းဖက်မယ်

ဗုံးခွဲမယ်

လေယာဉ်အပိုင်းစီးမယ်ဆိုတာချည်းပဲ


ကမ္ဘာက

ခုချိန်ထိ

ပြဿနာကို

သေနတ်ပါမှ ရှင်းလို့ရတယ်ထင်နေတုန်းပဲ


ကမ္ဘာက

မီးစကိုလည်း ကိုင်ရဲ့

ရေမှုတ်ကိုလည်း ကိုင်ရဲ့

သံတမန်လို

လက်ဆောင်အောက်မှာ

သေနတ်ကိုလည်း ဝှက်ယူလာရဲ့

ကမ္ဘာက

ခုအချိန်ထိ

ကမ္ဘာကို အနိုင်ကျင့်နေတုန်းပဲ

ဒီခေတ်ကြီးကို

အိုင်တီခေတ်

ဂလိုဘယ်ခေတ်

မီဒီယာခေတ်

ခေတ်လွန်ခေတ်

မျိုးစုံအောင် အဓိပ္ပာယ်ဖွင့်ဆိုနေကြ

ဒါပေမဲ့

ကမ္ဘာက

ခုအချိန်ထိ

သူ့ကိုယ်သူ ကမ္ဘာလို့်လည်း အသေအချာမသိ

လူလို့လည်း အသေအချာမသိ

လူမျိုးလိုလို

နိုင်ငံလိုလို

ဘာသာတရားလိုလိုနဲ့

ရူးချင်ယောင်ဆောင်နေတုန်းပဲ


အများကောင်းစားရေးလိုလို

ကိုယ်ကျိုးစွန့်အနစ်နာခံမှုလိုလိုနဲ့

ခုအချိန်ထိ

ရသမျှအကျိုးစီးပွား

သူ့အိတ်ကပ်ထဲ ကောက်ထည့်နေတုန်းပဲ

ခုချိန်ထိ

ကမ္ဘာကျင့် ကမ္ဘာကြံ ကြံနေတုန်းပဲ


ကမ္ဘာက

အဆောက်အဦကြီးတွေ ဆောက်ပါရဲ့

အဖွဲ့အစည်းတွေလည်း ဖွဲ့ပါရဲ့

ဒါပေမဲ့

အဲဒီအဆောက်အဦကြီးတွေဟာ

ဆင်းရဲမွဲတေတွေရဲ့ မျက်ရည်ဆိုတာ

ကမ္ဘာ အသေအချာမသိဘူး


ခုပဲ

သားရွှေအိုးထမ်းလာတာ မြင်ရတော့မယ့်ဟန်

ခုပဲ ရတနာပုံဆိုက်တော့မယ့်ကိန်း

ကမ္ဘာက

ဘာအစည်းအဝေး

ညာအစည်းအဝေး

အစည်းအဝေးကြီးတွေ

မကြာမကြာ ကျင်းပပါရဲ့

စီမံကိန်းတွေ ရေးဆွဲပါရဲ့

မကြာ မကြာ

ညစာစားပွဲကြီးတွေ တည်ခင်းပါရဲ့

ဒါပေမဲ့

အစည်းအဝေးတစ်ခုရဲ့ စရိတ်ဟာ

ညစာစားပွဲတစ်ပွဲရဲ့ ကုန်ကျငွေဟာ

စာမတတ်သူ ကလေးပေါင်းများစွာ

ကျောင်းထားပေးလို့ရတယ်ဆိုတာ

ကမ္ဘာကသိပုံမရဘူး


“ဒါးဗို့”မှာ အစည်းအဝေးလုပ်တော့

“နီဂရိုးပြန္တီ”က

ကလေးတွေအတွက်

ဒေါ်လာ(၁၀၀)တန် ကွန်ပျူတာတွေထုတ်ရမယ်

“ဘီလ်ဂိတ်”က ဒီလိုမဟုတ်

ကွန်ပျူတာနဲ့တွဲကြည့်လို့ရတဲ့ “ဆဲလ်ဖုန်း”တွေ

ထွင်ဖို့လိုတယ်တဲ့

“ရှာရွန်စတုန်း”က ပြောတယ်

လောလောဆယ်

အာဖရိကပြည်သူတွေကို ခြင်ထောင်တွေပေးရမယ်တဲ့


တကယ့်

မီးစတစ်ဖက်

ရေမှုတ်တစ်ဖက်ပါပဲ

ကမ္ဘာဟာ တစ်ဖက်မှာ လေသံကောင်းလွှင့်ပြီး

တစ်ဖက်မှာတော့ ဇိမ်နဲ့ငြိမ့်ချင်နေတုန်းပဲ


ကမ္ဘာဟာ

ခုအချိန်ထိ

တရားတွေ့သလိုလိုနဲ့

တရားကို ကွေ့ရှောင်နေတုန်းပဲ


ကမ္ဘာဟာ

ခုအချိန်ထိ

အရေးကြုံမှ

အရပ်ကူပါ လူဝိုင်းပါလုပ်ချင်နေတုန်းပဲ


ဒိုင်ယာနာမသေခင်

နောက်ဆုံးသောက်သွားတဲ့ဟင်းချိုဟာ

ဒေါ်လာ (၄၀၀၀) တန်တယ်

“ဗီယင်နာ”ကို ဂျော့ဘုခ်ျလာတော့

တည်းခိုခန်းတစ်ညစရိတ်ဟာ

ဒေါ်လာ (၆၀၀၀)ကျတယ်


ဒိုင်ယာနာ့ဟင်းချိုဖိုးလေးသာရ

သူအဆင်ပြေပါပြီတဲ့

လူတစ်ယောက်ကပြောတယ်

“မာသာထရီဇာ”ဟာ

ဂုဏ်သရေရှိတွေရဲ့ ညစာစားပွဲကို

အလှူခံခဲ့ဖူးတယ်


“ဘုရင်ခံချုပ်က နှစ်ယောက်စာ၀တ်ထားပြီပဲ

ကျွန်တော် ၀တ်ဖို့မလိုတော့ပါဘူး”တဲ့

မဟတ္တမဂန္ဒီပြောခဲ့သလိုပါပဲ

လူပေါင်းများစွာဟာ ကျောပြောင်နေပြီး

လူအချို့ဟာ တောင်ပုံရာပုံရှိနေတယ်

ကမ္ဘာကသိပုံမရဘူး


အီသီယိုးပီးယား ဒုက္ခသည်တစ်ဦးအလို

အခု သူတို့ဖြစ်နေတာက

“ဆာ”တာပါ

“နာ”တာမဟုတ်ပါဘူးတဲ့

သူတို့အဆင့်ဟာ

“နာ”တဲ့အဆင့်ကို လွန်ခဲ့ပါပြီ

“ဆာ”တာဟာ “နာ”တာထက် ဆိုးပါသတဲ့


ကမ္ဘာပေါ်

လူပေါင်းများစွာ ငတ်ပြတ်မွဲတေနေပြီး

လူအချို့ဟာ ကျိကျိတက်ကြွယ်ဝနေတယ်

ကမ္ဘာ သိပုံမရဘူး


ဒီကမ္ဘာက

လွတ်လပ်စွာပြိုင်ဆိုင်သော တစ်ခေတ်လို

လိုအပ်လာ

အစားအသောက်တွေ ဖျက်ဆီးပစ်ဖို့ အဆင်သင့်

အထည်အလိပ်တွေ မီးပုံရှို့ပစ်ဖို့လည်း အဆင်သင့်


ဒီကမ္ဘာက

ခုအချိန်ထိ

ဆင်းရဲမွဲတေမှုဟာ ပြဿနာလို့လည်း

အသေအချာမသိ

စီးပွားရေးချိန်ခွင်ညှာမညီမျှမှုဟာ

ပြဿနာလို့လည်း အသေအချာမသိ

အဓမ္မရာဂဟာ ပြဿနာလို့လည်း

အသေအချာမသိ

စစ်နဲ့ငြိမ်းချမ်းရေး

ဘယ်ဟာ အရေးကြီးတယ်ဆိုတာလည်း

အသေအချာမသိ

အရိပ်ရမှ အေးမြတယ်လို့လည်း

အသေအချာမသိ

သစ်မြင် ခုတ်ချင်နေတုန်းပဲ

မြစ်မြင် ငါးဖမ်းချင်နေတုန်းပဲ

တွင်းမြင် ရေနံငင်ချင်နေတုန်းပဲ


ကမ္ဘာဟာ

သူ့ကိုယ်သူ ကမ္ဘာတည်မယ်ထင်နေရဲ့

ဘ၀င်လည်းမြင့်ရဲ့

ရူးလည်းရူးရဲ့

ဂိုက်ပေးလည်း ကြမ်းရဲ့

ကမ္ဘာကို မထီမဲ့မြင်ပြုရဲ့


“မာသာထရီဇာ”က တစ်ယောက်တည်း

“ဘင်လာဒင်”တွေ အမျာကြီးပဲ

“ဂန္ဒီ”က တစ်ယောက်တည်း

“ဟစ်တလာ”တွေက အများကြီးပဲ


“တကယ်တော့

ဂျီ- အိပ်ခ်ျဆိုတာ

ကမ္ဘာ့စက်မှုကုန်သည်ကြီးများအသင်းပါ

အစည်းအဝေးလုပ်တယ်ဆိုတာလည်း

စျေးကွက်ညှိကြတာပါဗျာ”တဲ့


ကမ္ဘာဟာ

နောက်ထပ် ခရူးဆိတ်တစ်ခုကိုလည်း

မြင်တွေ့ထားပုံရရဲ့

နောက်ထပ် ကမ္ဘာစစ်တစ်ခုကိုလည်း

မျှော်လင့်ထားပုံရရဲ့


ခုအချိန်ထိ

လက်နက်အပြိုင် တပ်ဆင်နေတုန်းပဲ

သူ့အုပ်စု ကိုယ့်အုပ်စု ဖွဲ့နေတုန်းပဲ

ဂိုဏ်ဂဏစွဲ အယူဝါဒစွဲတွေ

ပြင်းထန်နေတုန်းပဲ

သံလိုက်များလို

လိုအပ်လာ ကိုယ့်အသင်းရှိရာ ပြေးကပ်မယ့်

မျိုးတူစုတွေကလည်း အဆင်သင့်


“ခုဆို

‘လေ’လည်း လေပြီ”

ကောင်းကင်ပိရင်

ဘယ်ခေါင်းမှ မလွတ်တော့ ။


 -လူအိမ်

(ပန်းအလင်္ကာမဂ္ဂဇင်း)

-ဧပြီ  ၂၀၁၇

Comments

Popular posts from this blog

မှတ်သားဖွယ်ရာ စလင်းဝိနည်း

 မှတ်သားဖွယ်ရာ စလင်းဝိနည်း ~~~~~~~~~~~~~~~~~~~~~  အရိယာကို ပြစ်မှားမိသော် ~~~~~~~~~~~~~~~~~  ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။  မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။  အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။  ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။  ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင်  တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။   "ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။  "အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။  ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌  ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။  "သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။  အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။...

ပျဥ်းမနား မြို့လို့ အမည် စသွင်ခဲ့ပုံနဲ့ သမိုင်းအကျဥ်း

ပျဥ်းမနားမြို့အမည်စသွင်ခဲ့ပုံနဲ့ သမိုင်းအကျဥ်း  ################################ တောင်ငူနေပြည်တော်ကို ကရင်ဘဆိုသူ ထီးနန်းစံခဲ့ရာ သားသမီးမပေါ်ပေါက်သဖြင့် (မဗျဉ်းမ)မည်သော ကရင်မလေးတစ်ဦး မွေးစားပြီး မင်းသမီးအဆောင်အယောင်ဖြင့် ထားခဲ့သည်။ တောင်ယာလုပ်ကိုင်သော လယ်သမားလေးတစ်ဦးနောက်သို့ ချစ်ကြိုက်လိုက်ပြေးခဲ့ရာ ကရင်ဘ၏ ဘုရင့်တပ်မတော်သားများက လိုက်လံဖမ်းဆီးသဖြင့် ယခုပျဉ်းမနား ဟောင်းဟူ၍ခေါ်တွင်သော အရပ်တွင် နားနေစဉ် ဖမ်းမိလေသည်။ (ဗျဉ်းမ)နားနေသောအရပ်ဖြစ်၍(ဗျဉ်းမနား)ဟူ၍ခေါ်တွင်လေသည်။ ကာလရှည်ကြာသော် ပျဉ်းမနားဟူ၍ခေါ်ဆိုသည်။ ပျဉ်းမနားဟူသည် ရှမ်းဘာသာစကားဖြင့် (ပင်မုံန) ဟူသော ဘာသာစကားမှ ဆင်းသက်ဟန် ရှိသည်။ ပင် - စခန်း၊ မုံ - အသီး၊ န - ဖန်ခါး၊ ထို့ကြောင့် (ပင်မုံန)သည် ဖန်ခါးသီး စခန်းဟု မှည့်ခေါ်ဟန်ရှိသည်။ ဖန်ခါးပင်များ ပေါများသည့်နေရာကို ရှမ်းဘာသာစကားအရ ပင်မုံနဟု ခေါ်ရာမှ ကာလရွေ့လျားပြီး ပင်မုံနမှ ပျင်မံန-ပျဉ်းမနားဟု ခေါ်ဝေါ်ဟန် ရှိသည်။ ယခု ပျဉ်းမနားဟူ၍ ခေါ်တွင်သောမြို့၏အမည်ရင်းမှာ ရှေးအခါက (နင်းကြမ်း)ဟု ခေါ်တွင်သည်။ မြို့မတည်မီ တောင်တွင်းကြီးနယ် လက်ခုပ်ပင် ရွာသား ဦးရွှေတုတ်သည် ငါးလိုက်ချောင်းမြောက်ဘက် ရွာ...

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲 ________________________________  ကန္တာရ၀တီ........... ကယား ကမ္ဘောဇ .............  ရှမ်း ကုသိနာဂရ .......... ပုသိမ် ကေတုမတီ .......... တောင်ငူ ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက် ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်  ခေမရဋ္ဌ ......... ကျိုင်းတုံ ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ် ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ် စေတုတ္တရာ .... စလင်းအနောက်ဘက် စိနရဋ္ဌ ..........  ကချင်ပြည်နယ်  စန္ဒပူရ ................  မဏိပူရဘက်နယ်စပ် စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက် ဇေယဝဍ်ဎန ........... တောင်ငူနယ် ဇေယျပူရ ............ စစ်ကိုင်း ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ် တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်  တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း ဓညဝတီ ....................  မြောက်ဦး ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ် ဒွာရာဝတီ .................... သံတွဲ နဂရာဇာ ....................  ...