ငါ..
ဆိုးမိုက်နေဆဲပဲ
ငါဆိုတဲ့ အတ္တစွဲတွေနဲ့
ဘယ်သူ့မှ လူမထင်ခဲ့ဘူး
အကောင်းမြင်စိတ် နည်းပါးလွန်းတဲ့ငါလေ။
တခြားသူပေါ်
ကြင်နာသနားတတ်စိတ်
ငါ့မှာရှိပေမယ့်
အတိတ်ရဲ့အမှောင်က
တစ္ဆေတစ်ကောင်လို
ငါ့ကိုယ်ပေါ် အုပ်မိုးလျက်
ကြင်နာသနားမှုက
ငါ့ဆီပြန်မရောက်လာဘူး။
အားငယ်တိုင်း
ဘယ်ဘုရားက
ကောင်းချီးပေးမလဲ
ငါမသိချင်သလို လိုက်မမေးခဲ့ဘူး
အပေအတေဘွဲ့ကို
လက်ဆောင်ရထားတဲ့ ငါလေ။
ဘယ်သူမှမရှိတဲ့
ချောင်လေးတစ်ချောင်က
ငါ ခိုးငိုဖို့
တမင် လျစ်လျူရှုထားကြတာလား
ကျေးဇူးတင်ပါတယ်။
ရည်ရွယ်ချက်နဲ့
လုပ်ဆောင်ချက်တသားတည်းကျဖို့
တချို့အရာတွေကို
မေ့ဖို့ကြိုးစားခဲ့တယ်..
တခါခါ နှလုံးသားမှာ
လေပွေသရမ်းတွေနဲ့
အတွေးတွေ ဟိုရောက်ဒီရောက်
ဦးနှောက်က လေထုထဲ မျောပါလို့
အတွေးတွေ လေလွင့်နေဆဲ
ဘယ်အရာနဲ့ ဆက်ပြီး
ရပ်တည်ရပါ့။
အချစ်ဆိုတာဘာလဲ
ငါသိငါတတ်ပဲ
ကြင်နာသူကို
စိတ်ချမ်းမြေ့ဖို့
တယ်လီဖုန်းလေးကို
ငါမစေခိုင်းတတ်ဘူး
တခါတလေ ဒုက္ခတချို့တဝက်
သူ့ဆီ လွှဲပြောင်းပေးတတ်သေး
ငါလေ။
အမေ့မျက်ရည်ကိုချူ
အဖေ့မျက်ရည်ကိုယူနဲ့
ထင်ရာစိုင်းတဲ့လမ်းကလည်း
ဆူးငြောင့်တွေနဲ့
မာန်မလျော့ဘူး
တီးတိုး ကြိမ်းဝါးလိုက်သေး
ငါတဲ့လေ။
အမှားဆိုတာ ဘယ်လိုလဲ
ငါ့ကိုယ်ငါလည်း မမေးသလို
အမှန်ဆိုတာ သိဖို့လည်း
ငါ မစုံစမ်းခဲ့ဘူး။
ငါဆိုတဲ့ အတ္တတွေနဲ့
ရင်းနှီးမြှုပ်နှံခဲ့တဲ့ဘဝ
ကြီးကြီးမားမားပဲ
အမြတ်အကြီးကြီးရတဲ့ အချိန်မှာတော့
တစ်လောကလုံး ကြားအောင်
အော်ပြောလိုက်တယ်....
"သားမှားပြီအမေ"
တော်တော်ရီရတဲ့" ငါ"လေ။
#ဖိုးတေ
#FOC

Comments
Post a Comment