Skip to main content

#ဝါဆိုလပြည့်နေ့... -

 #ဝါဆိုလပြည့်နေ့... - 

ဝါဆိုလပြည့်နေ့ အကြောင်း သိကောင်းစရာ


ဝါဆိုလပြည့်နေ့ နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာ


သန္ဓေ တောထွက် ဓမ္မစက်

မိန့်မြွက်သံချို လဝါဆို တဲ့



ဘုရားဖြစ်စဉ် ဗုဒ္ဓဝင်မှာ ထူးခြားသော

ဝါဆိုလပြည့်နေ့


( ၁ ) ဘုရားလောင်းသိဒ္ဓတ္တမင်းသား

ပဋိသန္ဓေ နေသောနေ့


( ၂ ) ဘုရားလောင်း တောထွက်

တော်မူသောနေ့


( ၃ ) ဂေါတမမြတ်စွာဘုရား ဓမ္မစကြာ

စတင်ဟောတော်မူသောနေ့


( ၄ ) ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို

ပြတော်မူသောနေ့


( ၅ ) ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့


( ၆ ) တရားရတနာ စတင်ပေါ်သောနေ့


( ၇ ) သံဃာရတနာ စတင်ပေါ်သောနေ့


( ၈ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်

ကူးပြောင်းခွင့်ကြုံသောနေ့


( ၉ ) ဧဟိဘိက္ခု ဟူသောစကားကို

စတင်ကြားရသောနေ့


ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်


~~~~~~~~~~~~~~~~~~~~~


ဂေါတမဘုရားလောင်းတော်သည် ပဉ္စဝဂ္ဂိ ၅ ဦးတို့

စွန့်ခွာထွက်သွားပြီးသည်နောက် တစ်ကိုယ်တည်း

တရားကျင့်တော်မူခဲ့ရာ မဟာသက္ကရာဇ် ၁၀၃ ခု


ကဆုန်လပြည့်နေ့ သောကြာနေ့ တွင် သဗ္ဗညုတ

ဉာဏ်တော်ကိုရရှိကာ ဘုရားအဖြစ်သို့ရောက်တော်

မူလေသည်။ ထိုအခါ သဟမ္ပတိဗြဟ္မာမင်း၏


လျှောက်ထားတောင်းပန် ချက်အရ အဘယ်သူ့ကို

တရားဦးဟောကြားအံ့နည်းဟု ဆင်ခြင်တော်မူ၏။

ဗုဒ္ဓမြတ်စွာ၏ အာသယာနုသယဉာဏ် ဣန္ဒြိယပ

ရောပရိယဉာဏ်တော်တို့ဖြင့် ဆင်ခြင်သည်။


ပထမဦးစွာဈာန်လမ်းပြခဲ့ဖူးသော အာဠာရရသေ့

ဆရာကိုမြင်၏ ထိုရသေ့ကား ကွယ်လွန်ခဲ့ပြီး

ဖြစ်သည် ထိုမှတစ်ဆင့် ဥဒကရသေ့ဆရာကို

မြင်တော်မူလေသည် ဥဒကရသေ့လည်း ကွယ်

လွန်ခဲ့ပြီဖြစ်၏။


ထို့နောက် အခြားသော ကျေးဇူးရှိခဲ့ဖူးသူများအား

တရားဦးဟောကြားရန် ကြည့်တော်မူပြန်သည်။

ထိုအခါ ပဉ္စဝဂ္ဂီငါးဦးတို့ကိုမြင်တော်မူလေသည်


သို့သော်လည်း ထိုရသေ့များထံ ချက်ချင်းမကြွပေ

သုံးရက် သီတင်းသုံး စောင့်ဆိုင်းတော်မူ၏။

ထို့နောက် ဗာရာဏသီအနီးရှိ မိဂဒါဝုန်တောသို့

ခရီးဆက်တော်မူလေသည်။


အစားနည်းသောအကျင့်မှ များသောအကျင့်သို့

ပြောင်းခဲ့သောကြောင့် ဘုရားမဖြစ်နိုင်တော့ဟု

ပဉ္စဝဂ္ဂီတို့ ယူဆခဲ့ကြ၏။ ထိုကြောင့် ဘုရားလောင်း

အား စွန့်ခွာပြီးဗာရာဏသီ မိဂဒါဝုန်တောသို့

ရောက်ခဲ့ ကြလေသည်။


မြတ်စွာဘုရားကြွလာသည်ကိုပဉ္စဂ္ဂီတို့မြင်ကြ၏

ခရီးဦးမကြို ဝတ်မပြုလိုကြတော့ပေ သို့ရာတွင်

အရှင်မြတ်သည် ဖန်ရည်ဆိုးသင်္ကန်းဝတ်ရုံလျက်

ပင်ဝင်လာတော်မူ၏။


ကိလေသာ ကင်းစင်သဖြင့် အေးချမ်းတင့်တယ်

ကြည်ညိုဖွယ်ရှိ၏ သို့ဖြစ်ရာ ပဉ္စဂ္ဂီတို့သည် ခရီး

ဦးကြိုကြ၏ ရှိခိုးပူဇော်ကြ၏ နှုတ်ခွန်းဆက်ကြ၏။


အချိန်ကား နေမင်းကြီးဝင်လုဝင်ဆဲအချိန်

လမင်းကြီးမှာ ပြူလစ်စ အခါသမယဖြစ်၏

ဆည်းဆာညချမ်း ဖြစ်သည်။


သူတော်မြတ်ဓာတ်ကြောင့် သာယာဖွယ်ကောင်းပေ၏။

မိဂဒါဝုန်တောကား ရွှင်ပျအေးမြနေ၏ ဆိတ်ငြိမ်မှုဖြင့်

ပြီးလျက်ရှိ၏ ထိုအခိုက်တွင် မြတ်စွာဘုရားရှင်သည်


ပဉ္စဂ္ဂီတို့၏ ရှေ့တွင်ထက်ဝယ်ဖွဲ့ခွေနေတော်မူသည်

ထို့နောက် ရဟန်းတို့ ဟု ခေါ်ဝေါ်ကာနှုတ်ခွန်းဆက်

တောျမူုလိုကျ၏။ ဤကား တရားဦးဟောရန်ဖိတ်ခေါ်

သံ အစတည်း။


ပဉ္စဂ္ဂီတို့သည် သီလစင်ကြယ်ပြီးသူများဖြစ်ကြသည်

ထို့ပြင် သဒ်ဓါ ဆန္ဒ ဝီရိယ စိတ်ထားပြည့်စုံနေပြီး သူများ

ဖြစ်ကြလေရာ မြတ်စွာဘုရား၏ စကားအစသည် သူတို့၏

နှလုံးသားဝယ် တရား တည်၍တည်၍ လာလေသည်။


ထိုအချိန်တွင် မြတ်စွာဘုရားက မိမိဘုရား ဖြစ်တော်မူ

ကြောင်းမိန့်ကြား၏ တရားနာယူကြရန်လည်း တစ်ဆက်

တည်းတိုက်တွန်း၏ သို့သော်မယုံကြည်နိုင်ကြသဖြင့်

သုံးကြိမ်သုံးခါ ငြင်းဆန်ကာနေကြ၏ မြတ်စွာဘုရားသည်

ထိုငြင်းဆန်မှုကို ဘုရားဖြစ်ကြောင်း ထပ်မံသိစေပြန်၏။


ပြီးမှ တရားဦး ခေါ်ဓမ္မစက္က ပဝတ္တန သုတ္တ ကို

ဟောကြားတော်မူလေသည် ထိုတရားတော်၏

အဆုံးဝယ် အရှင်ကောဏ္ဍညသည် လူသားများ

အနက် ပထမဦးဆုံး သောတာပတ္တိဖိုလ်၌

တည်လေ၏ ထိုနေ့သည် ဝါဆိုလပြည့်နေ့ ဖြစ်၏။


ထို့နောက်တဖန် ဒေသနာကိုဟောပြတော်မူရာ

ဝါဆိုလပြည့်ကျော် ( ၁ ) ရက်နေ့၌ အရှင်ဝပ္ပ

( ၂ ) ရက်နေ့၌ အရှင်ဘဒ္ဒိယ ( ၃ ) ရက်နေ၌

အရှင်မဟာနာမ် ( ၄ ) ရက်နေ့၌ အရှင်အဿဇိ

တို့သည် အသီးသီး သောတာပန်တည်ကြလေကုန်၏။


ပဉ္စဝဂ္ဂီအားလုံးပင် ဧဟိဘိက္ခု ရဟန်း အဖြစ်ရောက်

ကြလေသည်။ ဝါဆိုလပြည့်ကျော် ( ၅ ) ရက်နေ့တွင်

မြတ်စွာဘုရားသည် အနတ္တလက္ခဏသုတ္တ ကို

ဟောကြားတော်မူခဲ့သည်။


ဤတွင် ငါးဦးလုံး ရဟန္တာ ဖြစ်တော်မူကြလေသည်

ထိုနေ့ကို လည်း '' ရဟန္တာ '' ဟု ဗုဒ္ဓဘာသာဝင်တို့

သတ်မှတ်ယူကြကုန်သည်။


ဝါဆိုလပြည့်နေ့ကို တရားဦး '' ဓမ္မစကြာ '' ဟောကြား

သောနေ့ဖြစ်၍ '' ဓမ္မစကြာနေ '' ဟု ယနေ့အထိ

ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေသည်။


ဗုဒ္ဓသာသနံ စိရံ တိဋ္ဌာတု

Comments

Popular posts from this blog

မှတ်သားဖွယ်ရာ စလင်းဝိနည်း

 မှတ်သားဖွယ်ရာ စလင်းဝိနည်း ~~~~~~~~~~~~~~~~~~~~~  အရိယာကို ပြစ်မှားမိသော် ~~~~~~~~~~~~~~~~~  ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။  မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။  အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။  ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။  ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင်  တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။   "ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။  "အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။  ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌  ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။  "သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။  အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။...

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲 ________________________________  ကန္တာရ၀တီ........... ကယား ကမ္ဘောဇ .............  ရှမ်း ကုသိနာဂရ .......... ပုသိမ် ကေတုမတီ .......... တောင်ငူ ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက် ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်  ခေမရဋ္ဌ ......... ကျိုင်းတုံ ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ် ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ် စေတုတ္တရာ .... စလင်းအနောက်ဘက် စိနရဋ္ဌ ..........  ကချင်ပြည်နယ်  စန္ဒပူရ ................  မဏိပူရဘက်နယ်စပ် စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက် ဇေယဝဍ်ဎန ........... တောင်ငူနယ် ဇေယျပူရ ............ စစ်ကိုင်း ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ် တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်  တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း ဓညဝတီ ....................  မြောက်ဦး ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ် ဒွာရာဝတီ .................... သံတွဲ နဂရာဇာ ....................  ...

နေပြည်တော် လည်ပတ်စရာများ

နေပြည်တော်ကို အလုပ်ကိစ္စ၊ အလည်ပတ်စသည်ဖြင့် အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ မိတ်ဆွေတွေ အမြဲတမ်းမေးနေကျ စကားရှိပါတယ်။ နေပြည်တော်မှာ ဘယ်တွေသွားလို့ရလဲ ဆိုတာပါပဲ။ ၁၃ နှစ် သက်တမ်း ရှိလာတဲ့ နေပြည်တော်ဟာ အခုဆိုရင် သွားလာလည်ပတ်လို့ ကောင်းတဲ့ နေရာတွေ ပိုပိုပေါလာပါပြီ။ များသောအားဖြင့်တော့ နေပြည်တော်ဟာ မြို့သစ်အဖြစ် ဖော်ထုတ်ခဲ့တာကြောင့် မြို့ပြအဂါၤနဲ့ ညီအောင် အရာရာ အသစ် တည်ဆောက်ခဲ့တာ ဆိုပေမယ့် နှစ်ပေါင်းရာချီနေတဲ့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေနဲ့ ယှဉ်ရင် သွားလာ လည်ပတ်စရာကတော့ နည်းသေးတာ အမှန်ပါပဲ။ ဒါပေမယ့် အခု ဆယ်စုနှစ် တခုကျော် အချိန်မှာတော့ နေပြည်တော်ဟာ မြို့ပြတခုအဖြစ် အသား နည်းနည်းကျလာတဲ့ နည်းတူ၊ သွားလာ လည်ပတ် လေ့လာစရာ နေရာလေးတွေ ပိုပို များလာပါတယ်။ ဆယ်စုနှစ်ကျော် ကာလအတွင်းမှာ ကြီးထွားလာတဲ့ သစ်ပင်ပန်းမာန်ေတွေကြောင့်လည်း နေပြည်တော်မှာ ရာသီဥတုက အရင် နှစ်ပေါင်းများစွာကလို ဆိုးရွားလွန်းတဲ့ အနေအထားကနေ တဖြည်းဖြည်း သက်တောင့် သက်သာ နေလို့ကောင်းတဲ့ အနေအထားကို ရောက်လာပြီလို့ ပြောလို့ရပါတယ်။ ဘယ်နေရာသွားသွား အခုလိုမိုးရာသီမှာ စိမ်းစိုနေတဲ့ သစ်ပင်တွေ၊ အုံ့ဆိုင်းနေတဲ့ အပင်ကြီးတွေကြောင့် အပူဒဏ် သက်သာလာသလို...