"မေ့နိုင်ရင် ကောင်းမှာ"
===============
ရွှေရှိမှ မျိုးတော်တဲ့ ကာလမို့
ငွေမရှိတဲ့အခါ ဖြစ်တတ်တဲ့ အမျိုးတွေ မျက်နှာ
ကျုပ် မေ့မရနိုင်သေး
လောကဓမ္မတာ ဆိုပေမဲ့
ထိတဲ့ သူပဲ နာကျင်ဖူးတာလေ
ခင်ရာ ဆွေမျိုး
မြိန်ရာ ဟင်းကောင်းဆိုပေမဲ့
ဟင်းကောင်းရှိနေပါလျက် လာမချမှတော့
ဝမ်းဟာနေသူအဖို့
ရှိတဲ့အရာ မမြိန်လည်း ဟင်းကောင်းမှတ်ပြီး မျိုချရတာပါပဲ
ရွှေရှိချိန်
ငွေရှိချိန် မျက်နှာပေးနဲ့
ရွှေမဲ့ ငွေမဲ့ အခြေမဲ့ချိန် ဆက်ဆံရေး
တွဲရရင် တွဲပြလိုက်ချင်သေးတယ်
မခေါ်ချင်ရင်ရတယ်
မတော်ချင်လို့ မရဆိုပေမဲ့
တွေ့လို့ မခေါ်ကျော်သွားပြန်လည်း
ကျုပ်တို့က ရိုင်းတယ်လို့ သမိုင်းအတွင်မခံချင်လို့
ယဉ်ကျေးပြလိုက်တယ်
ရင်ထဲက ဒဏ်ရာတွေအတွက်
ရွှေမရှိ၊ ငွေမရှိအခါ
ဖြစ်တတ်တဲ့ ခင်ဗျားတို့ရဲ့ မျက်နှာ
ကျုပ် မေ့ပစ်နိုင်ရင် ကောင်းမှာ...။
ဆြာချစ်
(၂၀၂၂ ဇူလိုင် ၅)

Comments
Post a Comment