Skip to main content

ခွေးအူခြင်း

 မြို့ဟာ တဖြည်းဖြည်းတိတ်ဆိတ်လာတယ်။ အရင်ကဆို မြို့ရဲ့လမ်းတွေမှာ လူတွေပျားပန်းခတ်မျှ လှုပ်ရှားသွားလာနေကြပေမဲ့ အခုချိန်မှာတော့ လူသွားလူလာရှိတယ်ဆိုရုံလေးရှိတာကြောင့် လမ်းမတွေမှာ နေရာလွတ်တွေ အများကြီးဖြစ်ပေါ်နေတယ်။ ပြောရရင် အရင်ကရှုပ်ပွနေတဲ့ မြို့ရဲ့လမ်းတွေဟာ အခုချိန်မှာ ရှင်းရှင်းလင်းလင်းဖြစ်နေတာမို့ ကြည့်ရတာ သိပ်အဆင်မပြေလှဘူး။ မြို့ရဲ့ အရှုပ်အပွတွေကြားမှာ နေထိုင်ကြီးပြင်းခဲ့ကြသူတွေမို့ အခုလိုရှင်းလင်းနေတာကိုကြည့်ပြီး နေမထိထိုင်မသာဖြစ်ရတယ်။ မျက်လုံးထဲမြင်အောင် ပြောရရင် မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေး အရှည်ထားပြီးမှ အဲဒီအမွေးတွေကို ရိတ်ပစ်လိုက်တဲ့အခါ မျက်နှာပြောင်ကြီး ဖြစ်သွားသလိုမျိုးပေါ့။



ဒီလို မြို့ရဲ့လမ်းတွေမှာ လူသွားလူလာ နည်းလာရတဲ့အကြောင်းရင်းက ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုပယောဂကြောင့် ဖြစ်ပါတယ်။ တတိယလှိုင်းမှာ အပြင်းအထန်ကူးစက်ပျံနှံ့မှု ဖြစ်ပွားခဲ့သလို သေဆုံးနှုန်းကလည်း မြင့်တက်လာတဲ့အတွက် လူတွေလမ်းပေါ် မထွက်ရဲကြတော့ဘူး။ စီးပွားရေးလုပ်ငန်း အများစုကလည်း ပိတ်ထားတဲ့အတွက် လမ်းပေါ်မှာ လူတွေ အရင်လို မစည်ကားနိုင်တော့တာပါ။ ဒါ့အပြင် အစိုးရဘက်ကလည်း ကပ်ရောဂါနဲ့ပတ်သက်လို့ တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဆောင်ရွက်လာတဲ့အတွက် အရေးကြီးကိစ္စနဲ့ အလုပ်ကိစ္စကလွဲရင် လူတွေက အပြင်မထွက်ကြတော့ဘူး။ ဒါကြောင့်လည်း မြို့ဟာတစ်နေ့ထက်တစ်နေ့ ပိုပြီးခြောက်ကပ်လာသလို ပိုပြီးအိုမင်းရင့်ရော်လို့ လာခဲ့ပါတယ်။   
ဒီရက်ပိုင်းအတွင်း ဘာဖြစ်တယ်မသိ။ နေရာတော်တော်များများမှာ ဘယ်အချိန်ဖြစ်ဖြစ် ခွေးတွေအူနေတယ်ဆိုတဲ့သတင်းကို ကြားနေရတယ်။ ခွေးအူတာ မဆန်းပေမဲ့ ဒီရက်ပိုင်းမှာတော့ နေရာအနှံ့မှာ အချိန်မရွေး ခွေးတွေအူနေတယ်ဆိုတဲ့အသံကို ကြားရတာ တဖြည်းဖြည်း စိပ်လာတယ်။ ကိုယ်နေထိုင်ရာ ကိုယ့်ပတ်ဝန်းကျင်မှာလည်း ခွေးအူသံတွေကို ဒီရက်ပိုင်း မကြာခဏကြားနေရတယ်။ အရင်တုန်းကဆို ညပိုင်းမှသာ ခွေးအူသံကို ကြားတတ်ပေမဲ့ ဒီရက်ပိုင်းမှာတော့ ခွေးအူသံတွေကို အချိန်မရွေးကြားနေရတယ်။

ဒီခွေးအူသံကိစ္စက ဖြစ်ပေါ်လာတာ မကြာသေးပါဘူး။ အစတုန်းကတော့ ဟိုတစ်နေရာ  ဒီတစ်နေရာကနေ တစ်စွန်းတစ်စကြား နေရတာပဲရှိတယ်။ သိပ်မကျယ်ပြန့်သေးဘူး။ နောက်ပိုင်းမှာတော့ နေရာအနှံ့မှာ ခွေးအူသံတွေ ကြားရတယ်ဆိုတဲ့သတင်းကို လူမှုကွန်ရက်စာမျက်နှာတွေကနေ တစ်ယောက်နဲ့တစ်ယောက် ဖြန့်ဝေရင်း လူတွေကြားထဲမှာ ပျံ့နှံ့လာခဲ့တယ်။



ခွေးတွေက အူတဲ့အခါမှာ တစ်ကောင်တည်း အူတာမျိုးမဟုတ်ဘဲ အုပ်စုလိုက် အူတာမျိုးတွေကို တွေ့လာရတယ်။ သူတို့အနေနဲ့ တစ်စုံတစ်ခုကိုတွေ့လို့ ဒါမှမဟုတ် တစ်ခုခုကို မကြိုက်လို့ထိုးပြီး အူတဲ့အနေအထားမျိုးပါ။ သူတို့ အဲဒီလိုအူပြီဆို ကြားရတဲ့သူ အလကားနေရင်း ကြက်သီးမွေးညှင်းထရတယ်။ နောက်တစ်ခုက စိတ်ထဲမှာ ဖော်ပြလို့မရတဲ့ ခံစားမှုတစ်မျိုးကလည်း ဖြစ်ပေါ်လာတတ်တယ်။ 

ဘာကြောင့် ခွေးတွေ အဲဒီလောက်အူနေတယ်ဆိုတာကို ဘယ်သူမှမသိဘူး။ ဒါက အဖြေရှာလို့ရမှာလည်း မဟုတ်ဘူး။ ဒီကိစ္စကို ခွေးခွေးချင်းတော့ သိနိုင်ပါလိမ့်မယ်။ လူတွေအနေနဲ့ကတော့ ခွေးအူသံကြားတယ် ဆိုရုံကလွဲရင် ဘာကြောင့်အူနေရသလဲဆိုတာကို အမှုအခင်းတွေလိုမျိုး သဲလွန်စရှာနေစရာ မလိုပါဘူး။ ဒါပေမဲ့ လူတွေရဲ့ စူးစမ်းချင်စိတ်က ဘယ်လိုမှတားလို့မရတဲ့အခါ ခွေးအူသံကိစ္စက လူတွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစားလာသလို ထင်ကြေးအမျိုးမျိုးနဲ့ ပြောနေဆိုနေကြတာလည်း ရှိလာပါတယ်။

လူအများစုကတော့ ဒီလိုခွေးတွေအူတာကို ပရလောကနဲ့ချိတ်ဆက်ပြီး ပြောဆိုမှုတွေ ရှိလာကြပါတယ်။ ခွေးတွေအနေနဲ့ လူတွေမမြင်နိုင်တဲ့ သရဲ၊ တစ္ဆေတွေကိုမြင်လို့ အူနေတာမျိုး၊ အချိန်အခါမဟုတ် ခွေးတွေအူနေတာက မကောင်းတာတစ်ခုခု ဖြစ်လာနိုင်တာမျိုးတို့စတဲ့ လူတွေရဲ့ ထင်ကြေးအမျိုးမျိုးကလည်း တဖြည်းဖြည်း ရေပန်းစားလို့ လာခဲ့ပါတယ်။
မြို့နေရာအနှံ့အပြား အဲဒီလိုခွေးတွေ မအူခင် မြို့သူမြို့သားတွေကြားမှာ ထိတ်လန့် တုန်လှုပ်ဖွယ်အဖြစ်အပျက်က ရှိခဲ့ပါတယ်။ အဲဒါက တခြားမဟုတ်ပါဘူး။ တတိယလှိုင်းကာလအတွင်း  ကပ်ရောဂါနဲ့  လူအများအပြား သေဆုံးခဲ့တာပါ။ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတုန်းက လူသေဆုံးမှုနှုန်း မများပြားခဲ့ပေမဲ့ တတိယလှိုင်းအတွင်း လူသေဆုံးမှုနှုန်းက မြို့သူမြို့သားတွေ ဘယ်လိုမှ ထင်မှတ်မထားလောက်အောင်ကို များပြားခဲ့တယ်။ နေ့စဉ်နဲ့အမျှ လူတွေဒီလောက်သေလိမ့်မယ်လို့  ဘယ်သူကများ တွေးမိပါ့မလဲ။ ကပ်ကာလအတွင်း တခြားနိုင်ငံတွေမှာ လူအများအပြား သေဆုံးတာကို မြို့သူမြို့သားတွေအနေနဲ့ သတင်းတွေမှာ ဖတ်ရှုခဲ့ရပေမဲ့လည်း ကိုယ်တွေ့ကြုံရချိန်မှာတော့ တုန်လှုပ်ချောက်ချားခဲ့တာ အမှန်ပါ။

တစ်နေ့တစ်နေ့ ဘယ်သူရဲ့ အဖေ ၊အမေ သေသွားပြန်ပြီဟဲ့။ ဘယ်သူ့ရဲ့ အဘိုး၊ အဘွား သေသွားပြန်ပြီဟဲ့။ဘယ်သူ့ရဲ့ဦးလေးတွေ၊ အဒေါ်တွေ သေသွားပြန်ပြီဟဲ့။ ဘယ်သူ့ရဲ့ ညီအစ်ကိုမောင်နှမတွေ သေသွားပြန်ပြီဟဲ့၊ ဘယ်သူ့ရဲ့ ဆွေမျိုးသားချင်းတွေ သေသွားပြန်ပြီဟဲ့ဆိုတဲ့ သတင်းတွေက မြို့သူမြို့သားတွေကြားမှာ နားနဲ့မဆံ့အောင် ကြားခဲ့ရတယ်။သေခြင်းတရားကို ဘယ်သူမှရှောင်လွှဲလို့ မရပေမဲ့လည်း ကပ်ရောဂါကြောင့် နေ့စဉ်ရက်ဆက် ကိုယ့်ရဲ့မိသားစုဝင်တွေ၊ ကိုယ့်ရဲ့ ဆွေမျိုးသားချင်းတွေ၊ ကိုယ့်ရဲ့မိတ်ဆွေ အပေါင်းအသင်းတွေ သေဆုံးသွားတာကိုကြည့်ပြီး ထိတ်လန့်တုန်လှုပ်မိတာတော့ အမှန်ပဲ။ ဒီလို သေဆုံးရာမှာလည်း အများစုကအောက်ဆီဂျင်မရလို့ သေဆုံးရသူတွေရှိသလို ထိထိရောက်ရောက် ဆေးကုသခွင့်မရလို့ သေဆုံးသွားရသူတွေလည်း ရှိခဲ့ပါတယ်။

ဒီကြားထဲ တစ်ပူပေါ်နှစ်ပူဆင့်ဆိုသလို သေဆုံးသူတွေများပြားတဲ့အတွက် သုသာန်တွေမှာ အလောင်းတွေပုံနေတာက တစ်မျိုး၊ လမ်းဘေးမှာ အလောင်းကို လာပစ်သွားတာက တစ်ဖုံမို့ မြို့သူမြို့သားတွေအနေနဲ့ ဒီကာလကြီးထဲမှာ သောကအမျိုးမျိုးအဖုံဖုံ၊ ဒုက္ခအမျိုးမျိုးအဖုံဖုံကို နဖူးတွေ့ဒူးတွေ့ ကြုံတွေ့ခဲ့ရတယ်။ အဲဒီဖြစ်စဉ်တွေ ဖြစ်ပြီးနောက်ပိုင်းမှာ သေသွားတဲ့သူတွေကဝင်ပူးပြီး အောက်ဆီဂျင်စက် ပြန်တောင်းတဲ့ ဖြစ်ရပ်ဆန်းတွေကိုလည်း အင်တာနက်လူမှုစာမျက်နှာတွေမှာ တွေ့မြင်ဖတ်ရှုရမှာပါ။  အဲဒီလိုဖြစ်ရပ်တွေ ဖြစ်ပွားပြီးနောက်ပိုင်း ခွေးအူသံတွေက နေရာအနှံ့အပြားမှာ အချိန်အခါမဟုတ် ကြားလာရတာနဲ့ပတ်သက်လို့ မြို့သူမြို့သားတွေကြားမှာ ထင်မြင်ချက်အမျိုးမျိုးပေးလာကြတာ ဖြစ်ပါတယ်။



ကပ်ရောဂါရဲ့ဒဏ်ကို အပြင်းအထန်ခံရတဲ့အထဲမှာ သူတို့ရပ်ကွက်လေးလည်း ပါပါတယ်။ ကျန်းမာရေး ဗဟုသုတနည်းပြီး လက်လုပ်လက်စားများတဲ့အတွက် တတိယလှိုင်းရိုက်ခတ်ချိန်မှာ အလူးအလဲခံခဲ့ရတယ်။ နဂိုကတည်းက လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ အခြေခံလူတန်းစား အများစုနေထိုင်တဲ့ ရပ်ကွက်ဖြစ်တာကြောင့် ကပ်ရောဂါ တတိယလှိုင်း ပြင်းထန်လာချိန်မှာ ဘယ်လိုခုခံကာကွယ်မှုမျိုးကိုမှ မလုပ်နိုင်ခဲ့ဘူး။ ဒါကြောင့်လည်း ရပ်ကွက်ထဲမှာ ကပ်ရောဂါကူးစက်ခံရပြီဆိုရင် ဘယ်မှာသွားပြီး ကုသရမယ်ဆိုတာကို မသိသလို အောက်ဆီဂျင်လိုအပ်တဲ့အခါမှာလည်း ဘယ်သူ့ဆီ အကူအညီသွားတောင်းရမှန်း မသိခဲ့ဘူး။

ဖျားပြီဆိုရင်လည်း ကပ်ရောဂါကူးစက်ခံရလို့ ဖျားတာလား။ ရိုးရိုးသာမန်ဖျားတာလားဆိုတာကို မစစ်ဆေးနိုင်ခဲ့သလို အဖျားပျောက်ဖို့အတွက် သောက်ရမယ့်ဆေးကိုလည်း မဝယ်နိုင်ခဲ့ဘူး။ ရိုးရိုးအကိုက်အခဲပျောက်ဆေး တစ်ကတ်ကို ကျပ်ခြောက်ထောင်လောက်အထိ စျေးတက်သွားတဲ့အတွက် တစ်နေ့စာတစ်နေ့ အလျင်မီအောင် ရုန်းကန်နေရတဲ့ အခြေခံလူတန်းစားတွေအဖို့ ဆေးဆိုင်နား မကပ်နိုင်ခဲ့တာ မဆန်းပါဘူး။ ဒါကြောင့်လည်း  တတိယလှိုင်းကာလအတွင်း သူတို့ရပ်ကွက်လေးထဲမှာ ဖျားနာသူများပြားခဲ့သလို အောက်ဆီဂျင်မရတဲ့အတွက် သေဆုံးသူတွေလည်း ရှိခဲ့တယ်။

သူကတော့ ဒီရပ်ကွက်လေးထဲက ဆိုက္ကားနင်းသူတစ်ယောက်ပါ။ နေပူပူ မိုးရွာရွာ သူ့ကိုတွေ့လိုက်ရင် ဆိုက္ကားတစ်စီးနဲ့ လမ်းပေါ်မှာချည်းပဲ။ စကားပြောဖော်ရွေပြီး သူတစ်ပါးကို ကူညီတတ်သူမို့  သူကဒီရပ်ကွက်ထဲ အားလုံးနဲ့ အဆင်ပြေတယ်လို့ ဆိုရမယ်။ နောက်ပြီး သူကခွေးကိုလည်း ချစ်တတ်သူမို့  ရပ်ကွက်ထဲမှာဆို  သူ့ဆိုက္ကားလာပြီဆိုတာနဲ့ ခွေးတွေက အုပ်လိုက်ကြီး ပြေးလိုက်တာကို  မကြာခဏတွေ့ရတယ်။ သူက ကျန်းမာရေးချူချာတဲ့ မိခင်အိုကြီးကို ရှာဖွေကျွေးမွေးနေသူလည်း ဖြစ်တယ်။ ဘဝပေးကုသိုလ်ကံအရ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းထွက်ပြီး အလုပ်လုပ်ခဲ့ရသူမို့ သူ့ဘဝကိုကြည့်လိုက်ရင် လောကဓံရဲ့ ဓားထစ်ရာတွေချည်းပဲ။ ဒါပေမဲ့လည်း သူကတော့ လောကဓံကို ကြံ့ကြံ့ခံပြီး အမေအိုကြီးကို လုပ်ကိုင်ရှာဖွေကျွေးမွေးရင်းနဲ့ ဘဝကို အဆင်ပြေသလို ဖြတ်သန်းခဲ့တယ်။

ကိုဗစ်တတိယလှိုင်း ပြင်းထန်ချိန်မှာ သူတို့သားအမိလည်း ကပ်ရောဂါကူးစက်မှုကို ခံခဲ့ရတယ်။ သူ့အမေက အသက်အရွယ်ကြီးရင့်ပြီး ကျန်းမာရေးချူချာသူမို့ ကပ်ရောဂါကို ခံနိုင်ရည်မရှိတဲ့အတွက် နောက်ဆုံးမှာ လူ့လောကကြီးကနေ ထွက်ခွာသွားခဲ့တယ်။ အခုတော့ သူဟာ တစ်ကောင်ကြွက် တစ်မျက်နှာ။ သူ့မှာ ခင်တွယ်စရာမရှိတော့သလို သံယောဇဉ်လက်ကျန်လည်း မရှိတော့ဘူး။ အဲဒီလို ဖြစ်နေချိန်မှာပဲ ကပ်ရောဂါက သူ့ကိုယ်ထဲမှာ ကုပ်တွယ်နေခဲ့တယ်။ မိခင်ဆုံးသွားလို့ ဗျာများနေရတဲ့ သောကနဲ့ ကပ်ရောဂါက နှိပ်စက်လို့ ခံစားရတဲ့ဒုက္ခက သူ့ကိုတစ်ချိန်တည်း တစ်ပြိုင်တည်းဆိုသလို နှိပ်စက်ခဲ့တယ်။ လောကဓံရဲ့ အထုအထောင်းကို ခံနိုင်ရည်အပြည့်နဲ့ ဖြတ်သန်းခဲ့သမျှ ဒီတစ်ချီမှာတော့ လောကဓံတရားရဲ့ အလဲထိုးမှုကိုခံခဲ့ရတယ်။ ရောဂါခံစားနေရပေမဲ့လည်း အိမ်ထဲကနေ အိမ်ပြင်ကို မထွက်တော့ဘူး။ အိမ်ထဲမှာ သူတစ်ယောက်တည်း အစားအသောက် မမှန်၊ အအိပ်မမှန်နဲ့ ရောဂါနဲ့နပန်းလုံးရင်း သူဟာ အမှောင်ကြီးထဲကို လွင့်စင်သွားပြီး လောကကြီးနဲ့ အဆက်အသွယ် ပြတ်တောက်သွားတယ်။



သူဘယ်လောက်အထိ အိပ်ပျော်သွားတယ်မသိ။သူနိုးလာတော့ စိတ်ရောကိုယ်ပါ ပေါ့ပါးလန်းဆန်းနေတယ်။ သူပြင်းပြင်းထန်ထန်ခံစားခဲ့ရတဲ့ ဝေဒနာတွေကလည်း သူ့ကိုယ်မှာ ဘာမှမရှိတော့သလို အသက်ရှူရတာလည်း အဆင်ပြေနေတာကို  တွေ့ရတယ်။ ဒါကြောင့်လည်း စိတ်လက်ပေါ့ပါးစွာနဲ့ အိမ်အပြင်ကို ထွက်ခဲ့တယ်။ လမ်းလျှောက်ရတာ မြေကြီးနဲ့ ထိတယ်လို့ မခံစားရသလို ရပ်ကွက်ထဲက လူတွေက သူ့ကိုတွေ့တာတောင် မမြင်ချင်ယောင်ပြီး သွားနေကြတဲ့အပေါ် သူဘယ်လိုမှ နားမလည်နိုင်ဖြစ်ရတယ်။ နောက်ထပ်ထူးခြားတာက အရင်ကဆို သူ့ကိုတွေ့ရင် အမြီးလေးနှန့်ပြီး လာကြိုတတ်တဲ့ ရပ်ကွက်ထဲက ခွေးတွေက အခုသူ့ကို မြင်တဲ့အခါ ထိုးဟောင်ပြီး အူနေကြတာ ဘာကြောင့်လဲ။ သူ တစ်ယောက်တည်း အတွေးတွေနဲ့ ဆက်လျှောက်ရင်း တစ်နေရာမှာတော့ သူ့အမေကို တွေ့လိုက်ရတယ်။

Comments

Popular posts from this blog

မှတ်သားဖွယ်ရာ စလင်းဝိနည်း

 မှတ်သားဖွယ်ရာ စလင်းဝိနည်း ~~~~~~~~~~~~~~~~~~~~~  အရိယာကို ပြစ်မှားမိသော် ~~~~~~~~~~~~~~~~~  ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။  မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။  အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။  ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။  ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင်  တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။   "ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။  "အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။  ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌  ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။  "သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။  အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။...

ကျို့ထိုး(ကျွတ်ထိုး)ပျောက်နည်း

ကျို့ထိုး(ကျွတ်ထိုး)ပျောက်နည်း **************************** ကျွတ်ထိုးခြင်းကိုတစ်ခါတရံ လူတိုင်းဖြစ်ဖူးကြ မည်ဟုထင်မိပါသည်။ အစာလွန်၍လည်းကောင်း၊ အစာစားပြီးချိန်၌လည်းကောင်း၊ လေကြောင့်လည်းကောင်း ဖြစ်တတ်ကြပါသည်။ကျွန်တော်တို့ငယ်ငယ်က ကျွတ်ထိုးပျောက်ရန်နားကိုပိတ်၍ရေအဝသောက်ခြင်းဖြင့်ကုသခဲ့ကြပါသည်။ ထို့အပြင် မိရိုးဖလာနည်းများ ဆေးပညာနည်းများလည်း ရှိကြပါသည်။ ကျွတ်ထိုးလျှင် အသက်ရှုခက်ခဲခြင်း ၊စိတ် အဆင်မပြေဖြစ်ခြင်းနှင့် စကားပြောခြင်း အိပ်ပျော်ရန်ခက်ခဲခြင်းများလည်းဖြစ်တတ်ပါသည်။ထိုအခါစိတ်အဆင်မပြေမှုကြောင့် ဒေါသထွက်၍ ပိုဆိုးတတ်ပါသည်။ ထိုကြောင့်ကျွတ်ထိုးလျှင်ဝေဒနာကို သည်းခံဖို့အရေးကြီးပါသည်။  ယခုနည်းမှာ စိတ်ကိုအခြေခံ၍ အသက်ရှုမှု နည်းအရကုသခြင်းဖြစ်ပါသည်။ (၁)ပထမဦးစွာ ရေကိုသင့်တင့်အောင်သောက်ပါ။ (၂)လေအဝင်အထွက်ကောင်းသောနေရာတွင် ဘေးစောင်းလှဲ၍ဖြစ်စေ ထိုင်လျှက်ဖြစ်စေ သက်တောင့်သက်သာ နေရာယူပါ။ (၃)လေကိုအဆုတ်ထဲသို့တစ်ဝ အပြည့်ရှုသွင်းပါ။ရှုထားသောလေကိုပြန်ထုတ်သောအခါ တစ်ဝက်ခန့်သာပြန်ထုတ်ပါ ။အဆုတ်ထဲတွင်လေချန်ထားပါ။ပြီးလျှင် ထုတ်ထားသောလေကိုရှုပါ။ (၄)အထက်ပါအတိုင်း အပြည့်ရှု ၊တစ်ဝက်ထုတ် ၊အပြည့်ဖြစ်အောင် တစ်ဝက်ပြန်ရှု ၄...

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲 ________________________________  ကန္တာရ၀တီ........... ကယား ကမ္ဘောဇ .............  ရှမ်း ကုသိနာဂရ .......... ပုသိမ် ကေတုမတီ .......... တောင်ငူ ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက် ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်  ခေမရဋ္ဌ ......... ကျိုင်းတုံ ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ် ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ် စေတုတ္တရာ .... စလင်းအနောက်ဘက် စိနရဋ္ဌ ..........  ကချင်ပြည်နယ်  စန္ဒပူရ ................  မဏိပူရဘက်နယ်စပ် စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက် ဇေယဝဍ်ဎန ........... တောင်ငူနယ် ဇေယျပူရ ............ စစ်ကိုင်း ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ် တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်  တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း ဓညဝတီ ....................  မြောက်ဦး ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ် ဒွာရာဝတီ .................... သံတွဲ နဂရာဇာ ....................  ...