Skip to main content

ဧည့်သည်

 ဧည့်သည်

******

     "အိမ်သာမှ ဧည့်လာတာကွယ့် ငါ့မြေးရဲ့"


     "ဧည့်ဝတ်ကျေပြွန်တယ်ဆိုတာ အိမ်ရှင်ကောင်းရဲ့ လက္ခဏာပဲ"


     "ဧည့်သည်ဆိုတော့လည်း အချိန်တန်ရင် ပြန်ကြရတာပေါ့လေ"


     ကျွန်တော်ငယ်ငယ်တုန်းက ကြားဖူးခဲ့တဲ့ အဘိုးရဲ့ စကားလေးတွေဖြစ်ပါတယ်။ အဘိုးက ဧည့်မျှော်တတ်သူဖြစ်ပြီး ဧည့်သည်အပေါ်မှာလည်း ဧည့်ဝတ်ကျေပြွန်အောင် အထူးဂရုစိုက်လေ့ရှိပါတယ်။


     အဘိုးက ဧည့်မျှော်သလို ကျွန်တော်လည်း ငယ်ငယ်တုန်းက အိမ်ကို ဧည့်သည်လာရင် သိပ်ပျော်ဖူးခဲ့သူပါပဲ။ သာမန်အချိန်တွေမှာ အဘိုးဆီက ဘာစားစရာမှ မစားရပေမဲ့ ဧည့်သည်လာတဲ့အချိန်မျိုးမှာတော့ မုန့်ပဲသွားရေစာတွေ စားရတတ်ပါတယ်။



     အိမ်ကို ဧည့်သည်တစ်ယောက်လာရင် အဘိုးက သူ့ရဲ့ကျွန်းသေတ္တာကြီးထဲကနေ ထန်းလျက်တွေ ထုတ်ပါတယ်။ ထန်းလျက်တွေကို ပန်းကန်တစ်ချပ်နဲ့ထည့်ပြီး ဧည့်သည်ရှေ့ကို ချလိုက်ကာ…


     "စားကွယ့် မောင်ဟိုဟာရဲ့။ ဒီထန်းလျက်လေးတွေက ရွရွလေးတွေရယ်" ဆိုပြီး လောကဝတ် ပြုပါတော့တယ်။


     အဘိုးရဲ့ ကျွန်းသေတ္တာကြီးထဲမှာ ထန်းလျက်၊ မြေပဲကြော်၊ ငှက်ပျောသီးမှည့်၊ မုန့်မျိုးစုံ စသည်တို့ရှိကြောင်းကို ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကျွန်တော် မစားရပါဘူး။ တစ်ခါတလေ စားရသော်ငြား စားရခဲပါတယ်။ ဒါပေမဲ့…

    

      ဧည့်သည်လာရင်တော့ ကျွန်တော့်အတွက် စားရတော့မယ်ဆိုတာ ကြိုသိထားပြီးသား ဖြစ်ပါတယ်။ ဧည့်သည်ဆိုတာမျိုးကလည်း ကိုယ့်အိမ်မဟုတ်တော့ တည်ခင်းတဲ့ သွားရေစာကို အကုန်စားပစ်လေ့ မရှိပါဘူး။ အဲဒီလို မစားဖို့အတွက်လည်း ကျွန်တော်က အနီးကပ် ဖိအားပေးပါတယ်။


     ဧည့်သည်အနားမှာ ရစ်သီရစ်သီ လုပ်တာရှိသလို အမြင့်တစ်နေရာကနေ ငေးကြည့်နေတာမျိုးလည်း လုပ်ပါတယ်။ အချို့ဧည့်သည်တွေက အလိုက်သိပြီး အနည်းငယ်သာ စားပါတယ်။ အချို့ဧည့်သည်မျိုးဆိုရင် ကျွန်တော့်ကိုပါ ခေါ်ပြီး ပေးတတ်ပါတယ်။ ကျွေးတတ်ပါတယ်။ ကျွန်တော်လည်း အဘိုးရဲ့မျက်နှာကို ကြည့်ပြီး အဘိုးက ခွင့်ပြုမှသာ ယူရဲ၊ စားရဲတာပါ။ တစ်ခါတလေ ဧည့်သည်က ကျွန်တော့်ကို သတိမထားမိပါဘူး။ စကားပြော၊ စားသောက်ပြီးလို့ ဧည့်သည်ပြန်ပြီဆိုတာနဲ့ ကျွန်တော်က အဘိုးစားပွဲနား ရောက်နေပါပြီ။ အဘိုးက ဧည့်သည်ကို အိမ်ပေါက်အထိ လိုက်ပို့နေချိန်မှာတော့…


    စားပွဲပေါ်က ရှိသမျှ အမြည်းပန်းကန်တွေကို ကျွန်တော် နှိုက်မြည်းပြီးပြီ ဖြစ်ပါတယ်။


     အဘိုးရဲ့ ဧည့်သည်မျှော်ခြင်းက ဘာကြောင့်မှန်း မသိပေမဲ့ ကျွန်တော့်ရဲ့ ဧည့်သည်မျှော်ခြင်းကတော့ မုန့်ပဲသွားရေစာ စားနေရလို့ ဖြစ်ပါတယ်။ 


     ဒါက ကျွန်တော်ငယ်ငယ်တုန်းက ဧည့်သည်ကို မျှော်ရခြင်းကိစ္စပါ။ ဧည့်သည်ဆိုတာကို ဘာမှန်းမသိပေမဲ့ ကျွန်တော် ဧည့်သည်ကို သဘောကျပါတယ်။ တစ်ခါတစ်ရံ ကျွန်တော်ကိုယ်တိုင် သူတစ်ပါအိမ်ကို ဧည့်သည်အဖြစ် သွားရတာမျိုး ရှိပါတယ်။ ဒီတော့လည်း သူများကျွေးတာစား၊ အလ္လာပ သလ္လာပ ပြောပြီး ပြန်ခဲ့မိတာချည်းပါပဲ။ 


     ဧည့်သည်အပေါ် ကျွန်တော် နားလည်ထားတာက အိမ်ရှင်မဟုတ်တဲ့အတွက် အချိန်တန်ရင် ပြန်ရမယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ ဟုတ်ပါတယ်။


     ဧည့်သည်တိုင်းက အချိန်တန်ရင် ပြန်ကြရတာချည်းပါပဲ။ ဒါပေမဲ့ ကျွန်တော် မတွေးမိတာက လူတိုင်းဟာ ဧည့်သည်တွေပဲဆိုတဲ့ အချက်လေးကိုပါ။ ကလေးဘဝက ဧည့်သည်ကို သဘောကျတယ်။ ဧည့်သည်ကို မျှော်တယ်။ အခုတော့လည်း ဧည့်သည်ဆိုတဲ့စကားလုံးကိုတောင်မှ ကျွန်တော် ကြောက်ရွံ့နေမိပါပြီ။


     သူလည်း ဧည့်သည်။

     ကိုယ်လည်း ဧည့်သည်။

     အားလုံးဟာ ဧည့်သည်ဆိုတာကို ကျွန်တော့်အဘိုး ဆုံးတဲ့နေ့ကမှ သိခွင့်ရလိုက်တာပါ။


     အဘိုးက လူ့လောကထဲကို ဧည့်သည်အဖြစ်နဲ့ ရောက်လာခဲ့တယ်။ 


     မိဘတွေ…

     ဆွေမျိုးတွေ…

     သားသမီးတွေက သူ့ကို တတ်စွမ်းသမျှ ဧည့်ခံခဲ့တယ်။ ဧည့်ဝတ်ပြုခဲ့တယ်။ အဘိုးလည်း စားသောက်၊ ပြောဆို၊ နေထိုင်ပြီး အချိန်တန်တော့ လူ့လောကထဲကနေ ထွက်သွားခဲ့ပါတယ်။ ဒါ… ဧည့်သည်ပဲ။ 


     ငယ်ငယ်တုန်းက ဧည့်သည်ပြန်ရင် ကျွန်တော် ပျော်တယ်။ ဒါပေမဲ့ အဘိုးသေတဲ့နေ့က ကျွန်တော် ဝမ်းနည်းခဲ့ရတယ်။ အဘိုးက ဧည့်သည်ဆိုရင် ကျွန်တော် တို့ကလည်း ဧည့်သည်ပဲပေါ့။ 


     အားလုံးက လူ့လောကရဲ့ ဧည့်သည်တွေပါပဲ။


     ခဏတစ်ဖြုတ် လာခွင့်ရတဲ့အချိန်၊ နေခွင့်ရတဲ့အချိန်လေးမှာ စားစရာရှိတာ စား၊ ပြောစရာရှိတာ ပြော၊ လုပ်စရာရှိတာ လုပ်ကြရုံပဲပေါ့။ 


     ကိုယ့်ဆီကို ဧည့်သည်လာတဲ့အခါပဲဖြစ်ဖြစ်၊ ကိုယ်က ဧည့်သည်အဖြစ် သွားရတဲ့အခါပဲဖြစ်ဖြစ် ရန်ဖြစ်နေဖို့မလိုသလို တစ်ဦးနဲ့တစ်ဦး အခြေအတင် ပြောဆိုနေဖို့လည်း မသင့်ပါဘူး။


     သူလည်း ဧည့်သည်…

     ကိုယ်လည်း ဧည့်သည်ဖြစ်လို့

     တစ်နေ့ကျရင် ကိုယ်စီခွဲခွာပြီး ကိုယ့်နေရပ်ကို ပြန်ကြရမှာ ဖြစ်ပါတယ်။ ဒီတော့…


     ဧည့်သည်အပေါ် ဧည့်ဝတ်ကျေပါ။

     ဧည့်သည်ပီပီ အတ္တကင်းပါ။


     တစ်ချိန်ချိန်မှာ ဧည့်သည်အတွက် ကုသိုလ်၊ အကုသိုလ်ကလွဲရင် ဘာမှ အသုံးဝင်မှာ မဟုတ်ပါဘူး။ 


#နောင်ရိုးနွယ်

 (12:39)am

Comments

Popular posts from this blog

မှတ်သားဖွယ်ရာ စလင်းဝိနည်း

 မှတ်သားဖွယ်ရာ စလင်းဝိနည်း ~~~~~~~~~~~~~~~~~~~~~  အရိယာကို ပြစ်မှားမိသော် ~~~~~~~~~~~~~~~~~  ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။  မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။  အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။  ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။  ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင်  တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။   "ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။  "အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။  ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌  ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။  "သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။  အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။...

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲 ________________________________  ကန္တာရ၀တီ........... ကယား ကမ္ဘောဇ .............  ရှမ်း ကုသိနာဂရ .......... ပုသိမ် ကေတုမတီ .......... တောင်ငူ ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက် ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်  ခေမရဋ္ဌ ......... ကျိုင်းတုံ ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ် ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ် စေတုတ္တရာ .... စလင်းအနောက်ဘက် စိနရဋ္ဌ ..........  ကချင်ပြည်နယ်  စန္ဒပူရ ................  မဏိပူရဘက်နယ်စပ် စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက် ဇေယဝဍ်ဎန ........... တောင်ငူနယ် ဇေယျပူရ ............ စစ်ကိုင်း ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ် တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်  တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း ဓညဝတီ ....................  မြောက်ဦး ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ် ဒွာရာဝတီ .................... သံတွဲ နဂရာဇာ ....................  ...

ကျို့ထိုး(ကျွတ်ထိုး)ပျောက်နည်း

ကျို့ထိုး(ကျွတ်ထိုး)ပျောက်နည်း **************************** ကျွတ်ထိုးခြင်းကိုတစ်ခါတရံ လူတိုင်းဖြစ်ဖူးကြ မည်ဟုထင်မိပါသည်။ အစာလွန်၍လည်းကောင်း၊ အစာစားပြီးချိန်၌လည်းကောင်း၊ လေကြောင့်လည်းကောင်း ဖြစ်တတ်ကြပါသည်။ကျွန်တော်တို့ငယ်ငယ်က ကျွတ်ထိုးပျောက်ရန်နားကိုပိတ်၍ရေအဝသောက်ခြင်းဖြင့်ကုသခဲ့ကြပါသည်။ ထို့အပြင် မိရိုးဖလာနည်းများ ဆေးပညာနည်းများလည်း ရှိကြပါသည်။ ကျွတ်ထိုးလျှင် အသက်ရှုခက်ခဲခြင်း ၊စိတ် အဆင်မပြေဖြစ်ခြင်းနှင့် စကားပြောခြင်း အိပ်ပျော်ရန်ခက်ခဲခြင်းများလည်းဖြစ်တတ်ပါသည်။ထိုအခါစိတ်အဆင်မပြေမှုကြောင့် ဒေါသထွက်၍ ပိုဆိုးတတ်ပါသည်။ ထိုကြောင့်ကျွတ်ထိုးလျှင်ဝေဒနာကို သည်းခံဖို့အရေးကြီးပါသည်။  ယခုနည်းမှာ စိတ်ကိုအခြေခံ၍ အသက်ရှုမှု နည်းအရကုသခြင်းဖြစ်ပါသည်။ (၁)ပထမဦးစွာ ရေကိုသင့်တင့်အောင်သောက်ပါ။ (၂)လေအဝင်အထွက်ကောင်းသောနေရာတွင် ဘေးစောင်းလှဲ၍ဖြစ်စေ ထိုင်လျှက်ဖြစ်စေ သက်တောင့်သက်သာ နေရာယူပါ။ (၃)လေကိုအဆုတ်ထဲသို့တစ်ဝ အပြည့်ရှုသွင်းပါ။ရှုထားသောလေကိုပြန်ထုတ်သောအခါ တစ်ဝက်ခန့်သာပြန်ထုတ်ပါ ။အဆုတ်ထဲတွင်လေချန်ထားပါ။ပြီးလျှင် ထုတ်ထားသောလေကိုရှုပါ။ (၄)အထက်ပါအတိုင်း အပြည့်ရှု ၊တစ်ဝက်ထုတ် ၊အပြည့်ဖြစ်အောင် တစ်ဝက်ပြန်ရှု ၄...