Skip to main content

ပျဥ်းမနား မြို့လို့ အမည် စသွင်ခဲ့ပုံနဲ့ သမိုင်းအကျဥ်း

ပျဥ်းမနားမြို့အမည်စသွင်ခဲ့ပုံနဲ့ သမိုင်းအကျဥ်း 
################################

တောင်ငူနေပြည်တော်ကို ကရင်ဘဆိုသူ ထီးနန်းစံခဲ့ရာ သားသမီးမပေါ်ပေါက်သဖြင့် (မဗျဉ်းမ)မည်သော ကရင်မလေးတစ်ဦး မွေးစားပြီး မင်းသမီးအဆောင်အယောင်ဖြင့် ထားခဲ့သည်။ တောင်ယာလုပ်ကိုင်သော လယ်သမားလေးတစ်ဦးနောက်သို့ ချစ်ကြိုက်လိုက်ပြေးခဲ့ရာ ကရင်ဘ၏ ဘုရင့်တပ်မတော်သားများက လိုက်လံဖမ်းဆီးသဖြင့် ယခုပျဉ်းမနား ဟောင်းဟူ၍ခေါ်တွင်သော အရပ်တွင် နားနေစဉ် ဖမ်းမိလေသည်။ (ဗျဉ်းမ)နားနေသောအရပ်ဖြစ်၍(ဗျဉ်းမနား)ဟူ၍ခေါ်တွင်လေသည်။ ကာလရှည်ကြာသော် ပျဉ်းမနားဟူ၍ခေါ်ဆိုသည်။

ပျဉ်းမနားဟူသည် ရှမ်းဘာသာစကားဖြင့် (ပင်မုံန) ဟူသော ဘာသာစကားမှ ဆင်းသက်ဟန် ရှိသည်။ ပင် - စခန်း၊ မုံ - အသီး၊ န - ဖန်ခါး၊ ထို့ကြောင့် (ပင်မုံန)သည် ဖန်ခါးသီး စခန်းဟု မှည့်ခေါ်ဟန်ရှိသည်။ ဖန်ခါးပင်များ ပေါများသည့်နေရာကို ရှမ်းဘာသာစကားအရ ပင်မုံနဟု ခေါ်ရာမှ ကာလရွေ့လျားပြီး ပင်မုံနမှ ပျင်မံန-ပျဉ်းမနားဟု ခေါ်ဝေါ်ဟန် ရှိသည်။

ယခု ပျဉ်းမနားဟူ၍ ခေါ်တွင်သောမြို့၏အမည်ရင်းမှာ ရှေးအခါက (နင်းကြမ်း)ဟု ခေါ်တွင်သည်။ မြို့မတည်မီ တောင်တွင်းကြီးနယ် လက်ခုပ်ပင် ရွာသား ဦးရွှေတုတ်သည် ငါးလိုက်ချောင်းမြောက်ဘက် ရွာကောက်သူနှင့် အိမ်ထောင်ကျနေထိုင်သည်။ ထိုအချိန်နှင့် မရှေးမနှောင်းတွင် တောင်တွင်းကြီးမှ ရောက်လာသော (သိုက်ဆရာ)ဦးကြာဥသို့ ဦးရွှေတုတ်နှင့် အပေါင်းအပါ ကိုးဦးတို့က မြို့တည်ရန် အခါပေးစာတမ်းတစ်ခုရေးပေးရန် တောင်းခံသည်။ တစ်ညအတွင်း မြို့တည်ရန် အခါပေးစာတမ်းတစ်ခုပြုစုပေးသည်။ ယင်းအခါပေးစာတမ်းအရ မြို့မတည်မီ ခုနစ်ရက်စောပြီးလျှင် ရှမ်းကန်တောင်ဘက် ဘုရားကိုးဆူတည်ရာ ဉာဏ်တော် ကိုးမိုက်စီရှိသည်။ ဘုရားတစ်ဆူလျှင် ဒါယကာကိုးယောက်စီတာဝန်ယူလျက် မြန်မာသက္ကရာဇ် ၆၆၆ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁ဝ ရက်နေ့ နံနက် ၄ ချက်တီးအချိန်(နင်းကြမ်း)မြို့ကိုတည်ရန် ပန္နက်ရိုက်သည်။

ထိုသို့ ပန္နက်ရိုက်ပြီးလျှင် ဦးရွှေတုတ်က ရွာကိုးရွာမှ တစ်ရွာလျှင် တစ်ဦးကျစီခေါ်ယူ၍ အိုးသစ်အိမ်သစ်များ တည်ဆောက်စေသည်။၎င်းကိုးရွာမှ အိမ်သစ်ဆောက်သူများမှာ (၁) တောင်ဝင်ရွာသားကိုရွှေသား၊ (၂) ဆိပ်နန်တုံးရွာသား ဦးပသီ၊ (၃) သပြေတန်းရွာသား ဦးရွှေပေါက်၊ (၄) ကြက်ပြေးရွာသား ဦးစံမြ၊ (၅) မီးလောင်ကုန်းရွာသား ဦးမြတ်သူ၊ (၆) ရွာကောက်ကြီးသား ဦးရန်လုံ၊ (၇)သစ်တပ်ရွာသား ဦးသာချော၊ (၈) ရွှေပေးရွာသား ဦးရန်အောင်၊ (၉) ရေပြာရွာသား ဦးရန်ကင်းတို့ဖြစ်သည်။

မြန်မာသက္ကရာဇ် ၁၂၁၄ ခုနှစ်တွင် အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို ဒုတိယအကြိမ် သိမ်းယူခဲ့သည်။ ကေတုမတီ ၅၅ မြို့နှင့် အောက်မြန်မာပြည်မှာ အင်္ဂလိပ်တို့ လက်အောက်ကျရောက်ခဲ့ရသည်။ အင်္ဂလိပ်မြန်မာနယ်ခြား ကျောက်တိုင်ကို ယခုရေနီဘူတာမြောက်ဘက်အနီး အင်ပင်တွင် ကျောက်တိုင် စိုက်ထူသည်။ တောင်ငူ ၅၅ မြို့အနက် ၁၂ မြို့ကို ချန်ထားပြီး ပေးအပ်သဖြင့် နယ်ကျန် ၁၂ မြို့ဟူ၍ခေါ်တွင်သည်။ ၎င်းနယ်ကျန်မြို့များမှာ တောင်ညို၊ ဝါးနွယ်ကုန်း(ယခု လယ်ဝေး)၊ မင်းပြင်၊ ရန်အောင်မြင်၊ ဝက်ကမူ၊ သစ်တပ် တောင်ဝင်၊ ဇေယျသိမ် (ယခုအေလာ)၊ ရွှေမြို့၊ နင်းကြမ်း(ပျဉ်းမနား)၊ ပျဉ်းမနား (ယခုပျဉ်းမနားဟောင်း)၊ ပြကောင်း(ယခုကျည်တောင်ကန်)နှင့် ကျည်တောင့်ခေါမတို့ဖြစ်သည်။


နယ်ကျန် ၁၂ မြို့တွင် ယခုပျဉ်းမနားမြို့ဖြစ်သော (နင်းကြမ်း)မြို့သည် လူနေအိမ်ခြေအထူထပ်ဆုံး၊ လမ်းပန်းအဆက်အသွယ်အကောင်းဆုံးဖြစ် ခြင်းကြောင့် (နယ်ကျန်)မြို့ဟူ၍ ခေါ်တွင်သည်။ မြန်မာနိုင်ငံသမိုင်းတွင် မင်းတုန်းမင်းတရားလက်ထက် သမန်ဘန်းကြီးအား နယ်ကျန်မြို့ဝန်ခန့်လျက် ဦးအယ်မောင်အား မြို့သူကြီးခန့်ထားသည်ကို အထောက်အထားခိုင်လုံစွာ တွေ့ရှိရသည်။


ပျဉ်းမနားမြို့ကို မြန်မာဘုရင်များလက်ထက်ကပင် တည်ထောင်ခဲ့သည်။ ထိုစဉ်က နယ်ကျန် ၊ နယ်ချန် သို့မဟုတ် နင်းကြမ်း ဟု ခေါ်ဝေါ်ခဲ့သည်။ မြန်မာမင်းများလက်ထက် စစ်ချီတက်ရာတွင်လည်းကောင်း၊ ဆိုင်ရာနယ်စားများ အခွန်ဘဏ္ဍာတော် ကောက်ခံရာတွင်လည်းကောင်း ယခုလက်ရှိ ပျဉ်းမနားမြို့သည် တောတောင်စိမ့်စမ်း အလွန်ထူထပ်သောကြောင့် ချန်၍ ထားခဲ့သဖြင့် နယ်ကျန်၊ သို့မဟုတ် နယ်ချန် ဟု ခေါ်ဆိုခဲ့သည်ဟု ဆိုသည်။ နင်းကြမ်း ဟု ခေါ်တွင်ခဲ့ခြင်းမှာ ထိုစဉ်က လူအများရောင်းဝယ်ဖောက်ကားရာဈေးသည် ပျဉ်းမနားမြို့မြောက်ဘက် ငလိုက်ချောင်း (ရှေးအခေါ်လက်လိုက်ချောင်း) တစ်ဘက်ကမ်းရှိ ရွာကောက်ရပ် ဖြစ်သဖြင့် ဈေးသွားသူတို့ ချောင်းဖြတ်ကူးရာတွင် လွယ်ကူစေရန် ဝါးကြမ်းခင်း၍ နင်းသွားရသောကြောင့် နင်းကြမ်းဟု အမည်တွင်ရကြောင်း ဆိုကြသည်။

ယင်းသို့ နယ်ချန်၊ နင်းကြမ်းမှ ပျဉ်းမနားဟု ဖြစ်လာရခြင်းမှာ အင်္ဂလိပ် အစိုးရ အုပ်စိုးစဉ်အခါက အစိုးရကိစ္စ စာပေးစာယူပြုရာတွင် နင်းကြမ်းနှင့် မြင်းခြံမြို့ နှစ်မြို့ကို အင်္ဂလိပ်စာလုံးပေါင်းဖြင့် မကြာခဏ မှားသောကြောင့် အလုပ်များ ဖင့်နွှဲနှောင့်နှေးခြင်း မရှိစေရန် နင်းကြမ်းအမည်မှ မြို့နှင့်အနီးဆုံး ယခုလက်ရှိ ပျဉ်းမနားမြို့မှ ၅မိုင်ခန့် ကွာဝေးသော လမ်းပျဉ်းမနားရွာ၊ သို့မဟုတ် ပျဉ်းမနားရွာဟောင်းအမည်ကို အစားထိုး၍ အမည်ပြောင်းလိုက်သည် ဟု ဆိုသည်။



Comments

Popular posts from this blog

မှတ်သားဖွယ်ရာ စလင်းဝိနည်း

 မှတ်သားဖွယ်ရာ စလင်းဝိနည်း ~~~~~~~~~~~~~~~~~~~~~  အရိယာကို ပြစ်မှားမိသော် ~~~~~~~~~~~~~~~~~  ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။  မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။  အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။  ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။  ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင်  တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။   "ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။  "အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။  ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌  ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။  "သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။  အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။...

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲 ________________________________  ကန္တာရ၀တီ........... ကယား ကမ္ဘောဇ .............  ရှမ်း ကုသိနာဂရ .......... ပုသိမ် ကေတုမတီ .......... တောင်ငူ ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက် ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်  ခေမရဋ္ဌ ......... ကျိုင်းတုံ ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ် ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ် စေတုတ္တရာ .... စလင်းအနောက်ဘက် စိနရဋ္ဌ ..........  ကချင်ပြည်နယ်  စန္ဒပူရ ................  မဏိပူရဘက်နယ်စပ် စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက် ဇေယဝဍ်ဎန ........... တောင်ငူနယ် ဇေယျပူရ ............ စစ်ကိုင်း ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ် တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်  တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း ဓညဝတီ ....................  မြောက်ဦး ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ် ဒွာရာဝတီ .................... သံတွဲ နဂရာဇာ ....................  ...