Skip to main content

ဘာပဲဖြစ်ဖြစ် ရိုးသားပါ

ဘာပဲဖြစ်ဖြစ် ရိုးသားပါ

------------------------

မြန်မာစကားပုံတွင် “ကောက်သော် မစားလောက်၊ ဖြောင့်သော် စားမနိုင်” ဆိုသည့် စကားပုံတစ်ခုရှိသည်။ 


ထိုစကားပုံနှင့် ပတ်သက်ပြီး မဏိရတနာပုံကျမ်း (ရှင်စန္ဒလင်္ကာ) တွင်


“အရှင်မင်းကြီး မုဆိုးသည် မြားဖြောင့်နှင့် တစ်နေ့လည်၍ ရှာသော် လှေလောင်းတစ်စင်းပြည့်၏။ တံငါသည် ငါးမျှားကောက်နှင့် တစ်နေ့လည်၍ ရှာသော် လှေလောင်းတစ်စင်းမပြည့်နိုင်။ ထို့ကြောင့် ကောက်သော် မစားလောက်၊ ဖြောင့်သော် မစားနိုင် ဟု ပညာရှိတို့က ဆိုကြကုန်၏” ဟု ရှင်ပြထားကြောင်း တွေ့ရသည်။


“ကောက်သော် မစားလောက်၊ ဖြောင့်သော် စားမနိုင်” 


ကျွန်တော်တို့ ငယ်စဉ်ကသင်ကြားရသည်မှာတော့


“ရိုးသားမှုဂုဏ် စားမကုန်”


လိမ်ညာခြင်းကို မိဘတွေကလည်း မကောင်းဟု ငယ်စဉ်ကတည်းက သင်သည်။ ဆရာသမားတွေကလည်း ဘယ်သောအခါမျှ မလိမ်တတ်စေရန် လမ်းညွှန်ပြသ ဆိုဆုံးမခဲ့ကြသည်။ 


ကျွန်တော့် ဆရာတစ်ဦးကပြောဖူးသည်


“လိမ်လိုက်တာ သူများက မသိပေမယ့် ကိုယ်သိနေတော့ ဘယ်မှာ လိပ်ပြာလုံတော့မှာလဲ” ဟူ၏။


နောင်သော် အင်္ဂလိပ်စကားပုံလေး တစ်ခုနှင့်လည်း ရင်းနှီးလာသည်။


“Honesty is the best policy”


ကျွန်တော်တို့ ငယ်စဉ်က နှစ်သက်ခဲ့သော ပုံပြင်လေးတစ်ပုဒ်ရှိသည်။ သစ်ခုတ်သမားပုံပြင်ဖြစ်သည်။ သစ်ခုတ် သမားသည် ရေထဲကျသွားသော ပုဆိန်ကို အလိုစမ်းသော နတ်အား ဆန့်ကျင်ကာ သူ့သစ်သား ပုဆိန်လေး ကိုသာတောင်းသဖြင့် ရွှေပုဆိန်၊ ငွေပုဆိန်၊ သစ်သားပုဆိန် သုံးလက်စလုံးရသွားသည်ဆိုသော ပုံပြင်ဖြစ်သည်။ သူယုတ်ကား နတ်က အလိုစမ်းသည်ကို သူပျောက်သည်မှာ ရွှေပုဆိန်ဟု လိမ်လည်သဖြင့် သစ်သားပုဆိန်ပါ ဆုံးရှုံးရသော ပုံပြင်ဖြစ်သည်။ 


“ဖွတ်မရ ဓားမဆုံး” ဆိုသည့် စကားပုံလေးကိုလည်း သတိရစရာပင်။ 


ဖွတ်သားစားရမလားထင်ပြီး ဓားမနှင့် လှန်းပေါက်လိုက်သူမှာ ဓားမမြစ်ထဲကျပြီး ဒုက္ခရောက်နေရသည့် အဖြစ်မျိုး။ 


ဟိုးရှေးရှေးက အိန္ဒိယပုံပြင်လေးတစ်ပုဒ်ကလည်း ဆင်ခြင်စရာဖြစ်သည်။


တစ်နေ့တွင် လူကြီးတစ်ယောက်သည် တည်ဆောက်ဆဲ ဘုရားကျောင်းတစ်ကျောင်းကို ရောက်လာသည်။ ထိုဘုရားကျောင်းတွင် ထားရှိမည့် ရုပ်တုကြီးတစ်ခုကို ပန်းပုဆရာကြီးတစ်ဦးက ထုလုပ်နေသည်ကို မြင်လိုက်ရသည်။ 


ထိုပန်းပုဆရာကြီး ထုလုပ်နေသည့် ရုပ်တုကြီးအနီးတွင် ထိုရုပ်တုနှင့် ပုံစံတူ ရုပ်တုကြီးတစ်ရုပ်ကို လှဲလျက် အနေအထားဖြင့် တွေ့လိုက်ရသည်။ ထိုရုပ်တုက ပုံပေါ်ကာ ပြီးစီးနေပြီဖြစ်သည်။ လူကြီးဖြစ်သူက


“ဆရာကြီး ဤဘုရားကျောင်းတွင် ပုံစံတူ ရုပ်တုနှစ်ရုပ်ထားရန် လိုမည်လော” ဟု မေးလိုက်လေသည်။


ပန်းပုဆရာကြီးက သူ့ကို မော့မကြည့် သူ့အလုပ်သူဆက်လုပ်ရင်းက


“လိုတာတော့ တစ်ရုပ်တည်းပါကွယ် ... ဒါပေမဲ့ လှဲထားတဲ့ ရုပ်တုက ပြီးခါနီးမှ ပျက်စီးသွားလို့ကွယ်”


ထိုသူက ရုပ်တုကို လှည့်ပတ်ကြည့်ရင်း


“ဆရာကြီးခင်ဗျား ... ဘယ်နေရာမှာများ ပျက်စီးသွားလို့လဲခင်ဗျာ ... ကျွန်တော်တော့မမြင်ပါဘူး” ဟု ဆိုလိုက်လေသည်။


ပန်းပုဆရာကြီးက


“နှာခေါင်းမှာ နည်းနည်းလေး ပဲ့သွားလို့ပါကွယ်”


“ဆရာကြီးခင်ဗျား ဤရုပ်တုကို မည်သည့်နေရာတွင် ထားရန်စီစဉ်ထားပါသလဲ”


“ဘုရားကျောင်းထဲက ပေ ၂၀ အမြင့်ရှိတဲ့ တိုင်လုံးပေါ်မှာပါကွယ်”



“ဆရာကြီးရယ် ပေ ၂၀ အမြင့်ရှိတဲ့ တိုင်လုံးပေါ်မှာတင်မယ့် ဤအရုပ်၏ နှာခေါင်းပဲ့တာလေးကို မည်သူမျှ မြင်နိုင်မည် မထင်ပါဘူး။ ကျွန်တော်တောင် မနည်းကြည့်မှ မြင်ရတာပါ”


ပန်းပုဆရာကြီးက ပြောလိုက်သည်


“ဘယ်သူမှမသိပေမယ့် ... ငါသိနေတယ်လေကွာ”


စဉ်းစားဆင်ခြင်စရာဖြစ်ပါသည်။


ကျွန်တော်ဖတ်ဖူးသည့် Kent M. Keith ၏ အဆိုလေးတစ်ခုကို မျှဝေချင်ပါသည်။ ချစ်စရာကောင်းသော အမြင်လေး ဖြစ်နေသောကြောင့်ပင်။


လူတွေဟာ အဓိပ္ပာယ်မရှိ၊ ကြောင်းကျိုးမလျော်၊ တစ်ကိုယ်ကောင်းဆန်ကြသည်။ ဘာပဲဖြစ်ဖြစ် သူတို့ကို ချစ်လိုက်ပါ။


သင်ကောင်းတာလုပ်သော်လည်း လူတွေက သင့်ကို အတ္တတွေဖုံးကာ လုပ်ဆောင်နေသူဟုဆိုလိမ့်မည်။ ဘာပဲဖြစ်ဖြစ် အကောင်းဆုံးဖြစ်အောင် လုပ်လိုက်ပါ။


သင်အောင်မြင်လာလျှင် မိတ်ဆွေတုနှင့် ရန်သူစစ်စစ်တို့ကို မည်သည့်နည်းနှင့်မဆို အနိုင်ယူနိုင်ပါလိမ့်မည်။ ဘာပဲဖြစ်ဖြစ် အောင်မြင်အောင်လုပ်ပါ။


သင်ယနေ့လုပ်ဆောင်နေသည့် ကောင်းသောအရာတွေကို မနက်ဖြန် မေ့ကောင်းမေ့လိမ့်မည်။ ဘာပဲဖြစ်ဖြစ် အကောင်းဆုံးသာ လုပ်ဆောင်ပါ။


ရိုးသားခြင်းနှင့် ပွင့်လင်းမှုတို့က သင်ကို တန်ဖိုးရှိသူတစ်ဦးဖြစ်အောင် လုပ်ဆောင်ပေးပါလိမ့်မည်။ ဘာပဲဖြစ်ဖြစ် ရိုးသားပါ၊ ပွင့်လင်းလိုက်ပါ။


ကြီးမြတ်သောစိတ်ရှိသည့် ယောက်ျားနှင့် မိန်းမတို့ကို သေးနုတ်သောစိတ်ဓာတ်ရှိသည့် ယောကျ်ားနှင့် မိန်းမတို့က ဖျက်ဆီးပြစ်တင် ဝေဖန်ကာ သိက္ခာချကြသည်။ ဘာပဲဖြစ်ဖြစ် ကြီးမြတ်သောစိတ်ထား ဆက်၍သာ ထားပါ။


လူတွေက နိမ့်ကျသူကို ငဲ့ညှာကူတတ်သည်ဆိုစေ အောင်မြင်ကြီးပွားသူတို့နောက်ကိုသာ တစ်ကောက်ကောက် လိုက်တတ်သည်ကို မမေ့စေချင်ပါ။ ဘာပဲဖြစ်ဖြစ် မနိမ့်ကျအောင် အနှိမ်ခံမဖြစ်အောင် ကြိုးစားပါ။ 


သင်နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့သောအရာကို တစ်ညတည်းနှင့် ဖျက်ဆီးလိုသူတွေ ရှိကောင်းရှိနိုင်သည်။ ဘာပဲဖြစ်ဖြစ် ဆက်၍တည်ဆောက်ပါ။


လူတွေက အကူအညီလိုကောင်းလိုမည် သို့သော်သင်ကာ အကူအညီပေးမည်ဆိုလျှင် ဝေဖန်တိုက်ခိုက်ကောင်း တိုက်ခိုက်လိမ့်မည်။ ဘာပဲဖြစ်ဖြစ် ကူညီလိုက်ပါ။ 


ဤကမ္ဘာကြီးကို သင့်မှာရှိသမျှ (ကိုယ်စွမ်း ဉာဏ်စွမ်းတွေနှင့်) ပေးဆပ်နိုင်အောင် ကြိုးစားပါ။ သင်ပြန်ရနိုင် သည်မှာ ဒဏ်ရာတွေဖြစ်ကောင်းဖြစ်နိုင်ပါသည်။


ဘာပဲဖြစ်ဖြစ် အကောင်းဆုံးသာ ဤကမ္ဘာကြီးကို ပေးဆပ်လိုက်ပါ။


တင်ညွန့်


Comments

Popular posts from this blog

မှတ်သားဖွယ်ရာ စလင်းဝိနည်း

 မှတ်သားဖွယ်ရာ စလင်းဝိနည်း ~~~~~~~~~~~~~~~~~~~~~  အရိယာကို ပြစ်မှားမိသော် ~~~~~~~~~~~~~~~~~  ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။  မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။  အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။  ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။  ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင်  တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။   "ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။  "အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။  ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌  ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။  "သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။  အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။...

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲 ________________________________  ကန္တာရ၀တီ........... ကယား ကမ္ဘောဇ .............  ရှမ်း ကုသိနာဂရ .......... ပုသိမ် ကေတုမတီ .......... တောင်ငူ ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက် ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်  ခေမရဋ္ဌ ......... ကျိုင်းတုံ ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ် ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ် စေတုတ္တရာ .... စလင်းအနောက်ဘက် စိနရဋ္ဌ ..........  ကချင်ပြည်နယ်  စန္ဒပူရ ................  မဏိပူရဘက်နယ်စပ် စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက် ဇေယဝဍ်ဎန ........... တောင်ငူနယ် ဇေယျပူရ ............ စစ်ကိုင်း ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ် တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်  တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း ဓညဝတီ ....................  မြောက်ဦး ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ် ဒွာရာဝတီ .................... သံတွဲ နဂရာဇာ ....................  ...

နေပြည်တော် လည်ပတ်စရာများ

နေပြည်တော်ကို အလုပ်ကိစ္စ၊ အလည်ပတ်စသည်ဖြင့် အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ မိတ်ဆွေတွေ အမြဲတမ်းမေးနေကျ စကားရှိပါတယ်။ နေပြည်တော်မှာ ဘယ်တွေသွားလို့ရလဲ ဆိုတာပါပဲ။ ၁၃ နှစ် သက်တမ်း ရှိလာတဲ့ နေပြည်တော်ဟာ အခုဆိုရင် သွားလာလည်ပတ်လို့ ကောင်းတဲ့ နေရာတွေ ပိုပိုပေါလာပါပြီ။ များသောအားဖြင့်တော့ နေပြည်တော်ဟာ မြို့သစ်အဖြစ် ဖော်ထုတ်ခဲ့တာကြောင့် မြို့ပြအဂါၤနဲ့ ညီအောင် အရာရာ အသစ် တည်ဆောက်ခဲ့တာ ဆိုပေမယ့် နှစ်ပေါင်းရာချီနေတဲ့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေနဲ့ ယှဉ်ရင် သွားလာ လည်ပတ်စရာကတော့ နည်းသေးတာ အမှန်ပါပဲ။ ဒါပေမယ့် အခု ဆယ်စုနှစ် တခုကျော် အချိန်မှာတော့ နေပြည်တော်ဟာ မြို့ပြတခုအဖြစ် အသား နည်းနည်းကျလာတဲ့ နည်းတူ၊ သွားလာ လည်ပတ် လေ့လာစရာ နေရာလေးတွေ ပိုပို များလာပါတယ်။ ဆယ်စုနှစ်ကျော် ကာလအတွင်းမှာ ကြီးထွားလာတဲ့ သစ်ပင်ပန်းမာန်ေတွေကြောင့်လည်း နေပြည်တော်မှာ ရာသီဥတုက အရင် နှစ်ပေါင်းများစွာကလို ဆိုးရွားလွန်းတဲ့ အနေအထားကနေ တဖြည်းဖြည်း သက်တောင့် သက်သာ နေလို့ကောင်းတဲ့ အနေအထားကို ရောက်လာပြီလို့ ပြောလို့ရပါတယ်။ ဘယ်နေရာသွားသွား အခုလိုမိုးရာသီမှာ စိမ်းစိုနေတဲ့ သစ်ပင်တွေ၊ အုံ့ဆိုင်းနေတဲ့ အပင်ကြီးတွေကြောင့် အပူဒဏ် သက်သာလာသလို...