Skip to main content

သိကောင်းစရာ လှေခွင်းတောင်သမိုင်း

လှေခွင်းတောင်သမိုင်း
************************







မန္တလေးတိုင်း ၊ ရမည်းသင်းခရိုင် ၊ ပျဉ်းမနားမြို့နယ် ၊ ကျည်တောင်ရွာအနီးတွင် တည်ရှိသော လှေခွင်းတောင်ဘုရားမှာ သမိုင်း၀င် တန်ခိုးကြီး ဘုရား တစ်ဆူဖြစ်ပါသည်။ ရှေးလွန်ခဲ့သော နှစ်ပေါင်း ရှစ်ရာကျော်ခန့်က ပုဂံပြည်၌ အနော်ရထာမင်းကြီး ထီးနန်းသိမ်းပိုက်စိုးစံတော်မူစဉ် ပုဂံပြည်အနယ်နယ်အရပ်ရပ်၌ အရည်းကြီးတို့၏ မစစ်မှန်သော အယူဝါဒများ လွှမ်းမိုးနေခဲ့သည်။ အနော်ရထာမင်းကြီး နန်းတက်လာသောအခါ ထိုအယူဝါဒများကို မနှစ်သက်သဖြင့် စစ်မှန်သော သာသနာကို တောင့်တလျှက်ရှိသည်။ ထိုစဉ် သထုံပြည်မှ ရှင်အရဟံသည် သာသနာပြုရန် ပုဂံပြည်သို့ ကြွလာ၏။ အနော်ရထာမင်းကြီးသည် ရှင်အရဟံကို ဖူးတွေ့ရသော် များစွာကြည်ညိုလှ၏။ ပုဂံပြည်၌ သာသနာပြုရန် လျှောက်ထား တောင်းပန်၏။ အနော်ရထာမင်းကြီးသည် ရှင်အရဟံ၏ အကူအညီဖြင့် အရည်းကြီး များအယူဝါဒကို ဖယ်ရှားသုတ်သင်သည်။
ထို့ပြင် စစ်ရေးအရ ရှင်းလင်းသုတ်သင်ရန် လိုအပ်သော နေရာများသို့ ဓားရေး ၊ လှံရေး ကျွမ်းကျင်သော စစ်သည်သုံးကျိပ်အား ရွေးချယ်၍ အနယ်နယ်အရပ်ရပ်သို့ စေလွှတ်တာ၀န်ပေးအပ်ခဲ့ရာ ရဲသီဟ နှင့် ရဲဒိဗ္ဗ တို့ စစ်သည်ညီအစ်ကိုနှစ်ဦးမှာ ရမည်းသင်းခရိုင်အတွင်း နှိမ်နင်းရန် တာ၀န် ပေး စေလွှတ်ခြင်း ခံရလေသည်။
၄င်းညီအစ်ကိုနှစ်ဦးမှာ တာ၀န်ပေးအပ်သည့်အတိုင်း ရမည်းသင်းခရိုင်အတွင်း လှည့်လည်၍ မစစ်မှန်သော အရည်းကြီးတို့၏ အယူဝါဒများကို စစ်သေနင်္ဂဗျူဟာနည်း များအရ ရှင်းလင်းသုတ်သင်ပြီး အရည်းကြီးများအား လူ၀တ်လဲစေ၍ နိုင်ငံတော်အတွင်း သင့်လျှော်သောအလုပ်အကိုင်များပေးကာလုပ်ကိုင်စေခဲ့သည်။ယင်းတို့လက်ထက်တွင်ဗုဒ္ဓသာသနာ ပြန့်ပွားရေးအတွက် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့သဖြင့် ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးမှ မြို့စားများအဖြစ် ပေးသနားရန် အမိန့်ချမှတ်၍ အစ်ကိုဖြစ်သူ ရဲသီဟ မှာ ရမည်းသင်းမြို့စားအဖြစ် ခန့်အပ်ခြင်းခံရလေသည်။


ပျဉ်းမနားမြို့၏အနောက်ဘက်ကြက်ဆူအိုင်သိုက်မှ သိုက်စောင့်ညီအစ်မနှစ်ယောက်သည် လမ်းပျဉ်းမနားရွာ ဦးဖြိုး+ဒေါ်မယ်သာတို့၏ ၀မ်းတွင် လူ၀င်စားအမွှာ ညီအစ်မ အဖြစ် မွေးဖွားခဲ့သည်။ အကြီးမမှာ အသားဖြူသူဖြစ်၍ မဖြူဟုအမည်ပေးပြီး အငယ်မမှာ အသားညိုသူဖြစ်၍ မညိုဟု အမည်ပေးခဲ့သည်။ ဦးဖြိုး+ဒေါ်မယ်သာတို့သည် စျေးရောင်းစျေး၀ယ် လုပ်ကိုင်စားသောက်ရင်း သမီးနှစ်ယောက်အရွယ်ရောက်သောအခါ ရေကြည်ရာ မြက်နုရာဖြစ်သည့် ကျည်တောင်ရွာကလေးသို့ ပြောင်းရွေ့နေထိုင်စားသောက်ရင်း တောင်သူလုပ်ငန်းပါ တွဲဖက်လုပ်ကိုင်ကြသည်။
ထိုအချိန်တွင် ပေါင်းလောင်းမြစ်၏ အရှေ့ဘက်ကမ်းတောင်ခြေတဝိုက်၌ တောင်သူလယ်သမားများစိုက်ပျိုးထားသော ကောက်ပဲသီးနှံများအား ဆင်ဖြူတော်သုံးစီး ရံဖန်ရံခါ ၀င်ရောက်ဖျက်စီးလျှက်ရှိသည်။ ၄င်းသတင်းစကားအား ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးထံသို့ ပေါက်ကြားသောအခါ မရမနေဖမ်းဆီးရန် မင်းမိန့်ဖြင့် ရမည်းသင်းမြို့စား ရဲသီဟနှင့် ညီဖြစ်သူအား တာ၀န်ပေးစေလွှတ်ရာ ထိုညီအစ်ကို နှစ်ဦးသည် ကျည်တောင်ရွာသို့ ရောက်ရှိလာပြီး ပေါင်းလောင်းမြစ်အရှေ့ဘက်ကမ်းသို့ကူး၍ ဆင်ဖြူတော်များ သွားလာလှုပ်ရှားမှု သတင်းအား စုံစမ်းရင်း လိုက်လံရှာဖွေဖမ်းဆီးရာ ဆင်ဖြူတော်များမှာ ယခုဆင်ဖြူတောင်ဟုခေါ်ဆိုသောတောင်တော်၌ မြေကိုခွင်း၍ ၀င်ရောက်ပျောက်ကွယ်သွားပြီး မြေကိုခွင်း၍ ၀င်သွားသော တွင်းသာလျှင်တွေ့ရလေသည်။၄င်းဆင်ဖြူတွင်းမှာ ယခုအချိန်ထိအထင်အရှားရှိခဲ့ပေသည်။ ထိုကဲ့သို့ ဆင်ဖြူတော်များ ၀င်ရောက်ပျောက်ကွယ်သောတောင်အား ယခုအခါ ဆင်ဖြူတောင်ဟု ခေါ်ဝေါ်သမုတ်ကြလေသည်။ ရဲသီဟနှင့်ရဲဒိဗ္ဗတို့ညီအစ်ကို နှစ်ဦးသည် ဆင်ဖြူတော်များ ပြန်လည်ထွက်ခွာ လာမည့် အချိန်ကိုစောင့်ဆိုင်းရင်း ကျည်တောင်ရွာလေးသို့ ပြန်လည်ရောက်ရှိစခန်းချနေထိုင်ကြစဉ် မဖြူ၊ မညိုနှင့် ရင်းနှီးကျွမ်း၀င်မေတ္တာမျှခဲ့ကြလေသည်။
ထိုအချိန်တွင် တိုင်းရေးပြည်ရေးအခြေအနေအရ ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးမှ ရဲသီဟတို့ညီအစ်ကိုနှစ်ယောက်အား အမြန်ပြန်လာရန် အမိန့် တော် ရောက်ရှိလာ၍ ပြန်ရမည်ဖြစ်သောကြောင့် သုံးလကြာလျှင် ပြန်လာပြီး လက်ထပ်ထိမ်းမြားပါမည်ဟု ကတိပြုကာ ပုဂံနေပြည်တော်သို့ ပြန်သွား ကြလေသည်။
ကြက်ဆူအိုင်သိုက်မှ သိုက်နန်းရှင်များသည်သိုက်ဆရာများ၏အန္တရာယ်ကြောင့် ရွှေလှေ ငွေလှေများ လှော်ခတ်၍ အရှေ့စူးစူးအတိုင်း နေရာင်ပြအင်း ကိုဖြတ်ပြီး ထွက်ခွာ လာကြရာ ကျည်တောင်ကျေးရွာ၏ အနောက်ဖက် ယခု ကြာကန်ကြီးဟု ခေါ်သော ရေကန်သို့အရောက်တွင် ခေတ္တနားနေ၍ ငုတ်လျှိုးပျောက် ကွယ်ခဲ့လေသည်။ ကြက်ဆူအိုင်ကျေးရွာမှ သိုက်ဆရာ ဦးကံ၀သည် သိုက်စာအရ ဦးပဉ္ဖင်း၀တ်၍ ကျည်တောင်ကျေးရွာသို့ ရောက်ရှိလာပြီး တပည့်ဖြစ်သူ မောင်ကျော်ဖားဆိုသူနှင့် သိုက်တူးရန် စီစဉ်ကြလေသည်။

သိုက်စာမှာ-
ကျည်တောင်ရွာ အနောက်ဖက်ညောင်လန်းပင်ကြီးအနီး ဘီလူးမကြီးတွေ့လိမ့်မည်။ ချည်မန်းကွင်းစွပ်ဖမ်းထားလေ… ဘီလူးမကြီးအနီးရေကန်တခုရှိသည်။ ဂါထာမန္တန်စုတ်က ကျွဲရုပ်ကြီးပေါ်လာလိမ့်မည်။ ကျွဲရုပ်ကြီးအား ချည်မန်းကွင်းနှင့် ဖမ်းချုပ်ပြီးဆေးကြိမ်တုတ်နှင့် ရွယ်ရုံသာရွယ်ပါ။ မရိုက်လေနဲ့ ၊ ရိုက်ပါက ဂါထာ မန္တန်ပျက်လိမ့်မည်။ ဖမ်းချုပ်ထားသော ကျွဲရုပ်ကို (၇) ကြိမ် ဂါထာမန္တန်မန်းမှုတ်ပါက ရေကန်အတွင်းမှ ရွှေသားအတိပြီးသော လောင်းလှေတစင်းပေါ်လာလိမ့်မည်။ ၄င်းအတွင်းမှ ရွှေကြုတ်ငယ်နှင့် ထည့်ထားသော ပြဒါးမှာ အသက်ကမ္ဘာတည်နိုင်သည်အထိ ယူငင်စားသုံးပါလေ။
အဆိုပါသိုက်စာအရဦးကံ၀သည် တပည့်ဖြစ်သူ မောင်ကျောက်ဖားကိုခေါ်သွားပြီး ဘီလူးမရုပ်ကို ဂါထာမန္တန်မန်းမှုတ်ကာ ချည်မန်းကွင်းနှင့်လည်ပင်း ကို စွပ်ထားလေသည်။ ရေကန်ပေါ်မှနေ၍ ဂါထာမန္တန်စုတ်သောအခါ မကြာမီ ကျွဲရုပ်ကြီးပေါ်လာလေသည်။ လည်ပင်းကို ချည်မန်းကွင်းနှင့်စွပ်ထားပြီး တပည့်ဖြစ်သူအား မည်မျှ လှုပ်လှုပ်မရိုက်လေနဲ့၊ ရွယ်ရုံသာရွယ်ဟု ဆေးကြိမ်တုတ်ကို မောင်ကျောက်ဖားအား ပေးထားကာ ရွှေသားအတိပြီးသော လောင်းလှေပေါ်လာရန် သိုက်ဆရာက ဂါထာမန္တန်စုတ်၍နေလေသည်။
ဦးဖြိုး+ဒေါ်မယ်သာတို့မှာ လယ်ယာလုပ်ငန်းခွင်သို့ သမီးဖြစ်သူ မဖြူ-မညိုတို့နှင့်အတူလာရောက်သည့်အခါတိုင်း ကျောက်ဘီလူးမကြီးအား စားဦးသောက်ဦး တင်မြှောက်လေ့ရှိရာ ထိုနေ့တွင် ကျောက်ဘီလူးမရုပ်ကြီးမှ ချည်မန်းကွင်းဖြုတ်ပေးရန် အော်ဟစ်အကူအညီတောင်းနေသဖြင့် ဦးဖြိုး+ဒေါ်မယ်သာ တို့မှာ ကြောက်ရွံ့သောစိတ်နှင့် သနားဂရုဏာသက်သော စိတ်တို့ဖြင့် အရဲစွန့်ကာ ချည်မန်းကွင်းကို ဖြုတ်ပေးလိုက်ရာ ဘီလူးမကြီးမှာ နေရာမှ ထပြီး “ နင်တို့ကို ငါ ကျေးဇူးတင်တယ်၊ ငါထိုင်တဲ့နေရာအောက်မှာ ရွှေ၊ငွေ ကျောက်သံပတ္တမြားတွေအများကြီးရှိတယ်၊ နင်တို့အကုန်ယူတော့ ” ဟုပြောပြီး သိုက်ဆရာများရှိရာ ရေကန်ဆီသို့ လျှင်မြန်သောခြေလှမ်းများဖြင့် ထွက်ခွာသွားလေသည်။
သိုက်ဆရာဦးကံ၀၏ ဂါထာမန္တန်တို့ကြောင့် ငုတ်လျှိုးနေသော ရွှေလှေကြီးသည် ရေပေါ်သို့ ပေါ်လာချိန်၌ ကျောက်ဘီလူးမရုပ်ကြီးသည် ၄င်းတို့အနီး သို့ရောက်ရှိလာသောအခါ တပည့်ကျော် မောင်ကျောက်ဖားမှာ ကြောက်စိတ်၊ ဒေါသစိတ်များဖြင့် ကျွဲရုပ်ကြီးအား ဆေးကြိမ်တုတ်ဖြင့် တအားကြုံး၍ ရိုက်လိုက်ရာ စူးစူးဝါးဝါးအသံ များအော်ဟစ်ပြီး ကျွဲရုပ်ကြီးမှာ ရေထဲသို့ ငုတ်လျှိုးပျောက်ကွယ်သွားလေသည်။ သိုက်ဆရာမန္တန်ကြောင့် ရေပေါ်ပေါ်လာသော ရွေလှေကြီးသည် အရှေ့ဘက်စူးစူးရှိ တောင်တော်ဆီသို့ ထွက်ခွာသွားပြီး ကြီးမားခိုင်မာလှသည့် ကျောက်တောင်ကြီးအားခွင်းကာ ငုပ်လျှိုးပျောက်ကွယ်သွားလေ သည်။သိုက်ဆရာဦးကံ၀နှင့်တပည့်မှာလည်း အလိုအလျှောက်မြေပေါ်တွင် ပျော့ခွေ လဲကျပြီး အသက်ပျောက်ကွယ်သွားလေသည်။
ရွှေလှေ၊ငွေလှေများ ခွင်း၀င်ပျောက်ကွယ်သွားသည့်ကျောက်ကွဲကြီးမှာ ဖြောင့်တန်းစွာ ပိုင်းဖြတ်ထားသကဲ့သို့ အကျယ် (၃)ပေခန့် ၊ အမြင့် (၂၅)ခန့်၊ အလျား (၄၀)ပေခန့် မှာ ယခုအချိန်ထိ အထင်အရှားရှိခဲ့ပေသည်။ ရှေးအခါက အဆိုပါ ကွဲအက်နေသော ကျောက်ကွဲကြားမှ လေမှုတ်ထုတ်ခြင်း၊ အတွင်းပိုင်းသို့ လေစုတ်ယူခြင်းများရှိခဲ့ကြောင်း ၊ ၄င်းကျောက်ကွဲ ကြောင်းထဲသို့ လက်ကိုင်ပုဝါချကြည့်ပါက မှုတ်ထုတ်သည့်လေအားကြောင့် မည်သို့ပင် အောက်သို့ပစ်ချစေကာမှု အထက်သို့ပြန်တတ်လာကြောင်း လှေခွင်းတောင်တန်ခိုးကြီးကျောင်း၌ ယခင်သတင်းသုံးခဲ့သော ဘရသေ့ကြီး ဦးဣန္ဒ၏ မိန့်ဆိုပြောကြားချက်အရ သိရှိရပေသည်။
ယင်းကဲ့သို့ သိုက်နန်းရှင်များနှင့် ရွှေလှေ၊ငွေလှေများ ခွင်း၀င်ပျောက်ကွယ်သွားသည်ကို အကြောင်းပြု၍ ထိုတောင်တော်အား လှေခွင်းတောင် ဟူ၌၄င်း၊ ရွှေလှေ၊ငွေလှေများ ထွင်း၀င်သွားရာ ကျောက်ကွဲကြီးမှာ ညီညာဖြောင့်တန်းစွာ ပိုင်းဖြတ်ထွင်းဖောက်ထားသည့်အလား တည်ရှိနေသည်ကို အကြောင်း ပြု၍ လှေထွင်းတောင် ဟူ၍ ၄င်း၊ တောင်တော်နှင့် (၂) မိုင်ပတ်လည်တွင် ဆောင်းရာသီ၌ အခြားအရပ်ဒေသများနှင့်မတူ ထူးခြားစွာ လေတိုက်ခတ်ခြင်းကို အကြောင်းပြု၍ လေတွင်းတောင် ဟူ၍၄င်း ခေါ်ဝေါ်သမုဒ်ကြလေသည်။
ဦးဖြိုး+ဒေါ်မယ်သာတို့မိသားစုမှာ ကျောက်ဘီလူးမကြီးမှပေးခဲ့သော ရတနာပစ္စည်းများဖြင့် ကြီးပွားချမ်းသာလာပြီး မိမိသဘောဆန္ဒအရ စိတ်တိုင်းကျ သာသနာ ပြုနိုင်ရန်အတွက် ပစ္စည်းများကိုခွဲဝေယူကြကာ ဦးဖြိုး+ဒေါ်မယ်သာတို့ဇနီးမောင်နှံကမူ ကျည်တောင်ရွာ၏ အနောက်၌ “ရှင်ပင်တုတ်ဖြိုး ” ဟူသော ဘွဲ့တော်နှင့်ဘုရားတဆူ တည်ထား ကိုးကွယ်ခဲ့လေသည်။ မဖြူက ဆင်ဖြူတောင်ပေါ်တွင် ဘုရားတစ်ဆူတည်ရန် ရည်ရွယ်စိတ်ကူး၍ မညိုက လှေခွင်းတောင်ပေါ်ရန် ဘုရားတစ်ဆူတည်ရန်ရည်ရွယ်စိတ်ကူးထားကြပြီး အချစ်ဦးများဖြစ်ကြသော ရဲသီဟတို့ညီအစ်ကိုနှစ်ဦး အလာကိုသာ စောင့်မျှော်နေကြသည်။ရဲသီဟတို့ညီအစ်ကိုနှစ်ဦးမှာ သုံးလကြာပြန်လာခဲ့ပါမည်ဟု ဂတိများပေးထားခဲ့သော်လည်း ရက်၊လ၊နှစ်တို့ ကူးပြောင်းလာခဲ့သော်လည်း ပေါ်မလာခဲ့ပေ။
ထိုအချိန်တွင် ရှမ်းစော်ဘွားတစ်ဦးသည် ကျည်တောင်နယ်မြေအတွင်းသို့ ရောက်ရှိလာပြီး မဖြူ၊မညို ညီအစ်မနှစ်ဦးကို တွေ့မြင်သောအခါ နှစ်ဦးလုံးအပေါ်တွင် မေတ္တာညွတ်၍ ဇွတ်အတင်းကြံစည်လေသည်။ မဖြူတို့ညီအစ်မနှစ်ဦးသည် ရှမ်းစော်ဘွားရန်မှ ကင်းဝေးအောင် ဆင်းရဲသားအသွင်ဆောင်၍ ကျည်တောင်ရွာ၌ မနေဘဲ အနီးအနားရှိ ရွာငယ်များသို့ ပြေးလွှားပုန်းအောင်းနေကြရလေသည်။ ရဲသီဟတို့ညီအစ်ကိုမှာ ကျည်တောင်ရွာသို့ပြန်ရောက်၍ အကြောင်းစုံကို သိရသောအခါ စော်ဘွားဘက်တော်သားများနှင့် တိုက်ပွဲဖြစ်ပွားလေသည်။ တိုက်ပွဲဖြစ်ပွားနေစဉ် မဖြူတို့ညီအစ်မမှာ ပုန်းအောင်းနေရာမှ တိတ်တဆိတ်ရောက်ရှိလာပြီး ရဲသီဟတို့အားသွားရောက်တွေ့ဆုံစဉ် တိုက်ပွဲပြင်းထန်၍ ရန်သူဘက်မှ ပစ်ခတ်လိုက်သော အဆိပ်လူးမြှားသည် မဖြူတို့ညီအစ်မ အား ထိမှန်ပြီး ၄င်းနေရာတွင်ပင် ညီအစ်မနှစ်ယောက်လုံး သေဆုံးကြရလေသည်။
မဖြူသည် ဆင်ဖြူတောင်တွင် ဘုရားတည်ရန် စိတ်စွဲလန်း၍ သေဆုံးခဲ့ရသူဖြစ်သဖြင့် ဆင်ဖြူတောင်တော်တွင် တောင်စောင့်နတ်မယ်ဖြစ်လျှက် ၊ မညိုမှာ လှေခွင်းတောင်၌ ဘုရားတည်ရန် စိတ်စွဲလန်း၍ သေဆုံးခဲ့ရသူဖြစ်သဖြင့် လှေခွင်းတောင်တော်တွင် တောင်စောင့်နတ်မယ်ဖြစ်ကာ “ မယ်ဖြူ ၊ မယ်ညို ” တို့အား နတ်ကွန်း ၊ နတ်နန်းများ ဆောက်လုပ်၍ ယနေ့အချိန်ထိ နှစ်စဉ်ထာ၀ရ ပူဇော်ပသခဲ့ကြလေသည်။

ကိုးမုဒ်ပြန် တန်ခိုးကြီးဘုရားသမိုင်း
*************************************
ရှေးအခါက လှေခွင်းတောင်တော်နှင့်ပတ်၀န်းကျင်၌ သစ်တောများထူထပ်လျှက် ညို့မှိုင်းစွာ တည်ရှိသောကြောင့် တောင်ထိပ်အနီး၊ တောင်စော်းများတွင် အရိယာ နွယ်၀င် သူတော်စင်များ ကိန်းအောင်းမွေ့လျော်ရာ ကျောက်လှိုဏ်ဂူငယ်ကိုးခုခန့်မှာ သဘာ၀အလျှောက် တည်ရှိလျှက်ရှိပေသည်။ ၄င်းကျောက်လှိုဏ်ဂူငယ်များသို့ ရံဖန်ရံခါ အနယ်နယ်အရပ်ရပ်မှ ရသေ့၊ရဟန်း ပုဂ္ဂိုလ်များလာရောက်တရားအားထုတ် နေထိုင်ကြလေသည်။
တနေ့သောအခါ ဦးဓမ္မသာမိ ဘွဲ့အမည်ရ ရဟန်းပုဂ္ဂိုလ်တစ်ဦးသည် ယခုကိုးမုဒ်ပြန်စေတီတည်ရှိရာ နေရာနှင့်မနီးမဝေးတွင်တည်ရှိသော ကျောက်လှိုဏ်ဂူငယ်တခုတွင် ရောက်ရှိ သတင်းသုံးနေထိုင်လျှက်ရှိလေသည်။ ယင်းကဲ့သို့နေထိုင်ရင်း တရားဘာ၀နာ ကျင့်ကြံကြိုးကုတ်အားထုတ်လေရာ တညသော အချိန်တွင် ယခုကိုးမုဒ်ပြန်ဘုရားတည်ထားရာနေရာ မှ အရောင်တဖိတ်ဖိတ်တောက်ပလျှက်ရှိသော ပတ္တမြားလုံးကြီးကို မြင်တွေ့ရပြီး၊ ၄င်းပတ္တမြားကြီးအား ဌာပနာပြု၍ နတ်၊သကြား၊ဗြဟ္မာများမှ ဘုရားတည်နေသည်ကို တရားအာရုံ၌ ပေါ်ပေါက်လာပြီး တွေ့မြင်ဖူးမျှော်လိုက်ရလေသည်။
ယင်းသို့ ထူးခြားအံ့သြဖွယ်ဖြစ်ရပ်ကြောင့် နံနက်မိုးသောက်လင်းသောအခါ ယမန်နေ့ညက တရားအာရုံ၌ မြင်တွေ့ဖူးမျှော်လိုက်ရသောကြောင့် လိုက်လံရှာဖွေရာ ခြုံနွယ် ပိတ်ပေါင်းများအတွင်းမှ မုဒ်ကိုးမုဒ်နှင့် ဥာဏ်တော်ကိုးမိုက်ခန့်ရှိ စေတီတစ်ဆူကို ပထမဦးဆုံးတွေ့မြင်ဖူးမျှော်လိုက်ရလေသည်။ ဆရာတော်သည် ၀မ်းမြောက်စွာဖြင့် အများပြည်သူများ တွေ့မြင်ဖူးမျှော်နိုင်ရန် ရည်ရွယ်၍ စေတီပတ်၀န်းကျင်ရှိ ခြုံနွယ်ပိတ်ပေါင်းများအား ရှင်းလင်းရင်း ဆရာတော်ကြီး၏ အာရုံ၌ နတ်သကြား၊ ဗြဟ္မာများမှ တည်ထားကိုးကွယ်ခံသည့် ဤတန်ခိုးကြီးဘုရားအား သတ္တဝါများ ကပ်သုံးပါးမှ ကျော်နင်းနိုင်စေရန် ရည်သန်လျှက် ကိုးတောင်ပြည့်ဘုရားအဖြစ် ဆက်လက်မွမ်းမံတည်ထားရန် စိတ်အာရုံ ကျရောက်လာခဲ့သောကြောင့် ရဟန်း၀တ်ဖြင့် ဘုရားတည်ရန် ဝိနည်းတော်နှင့် မညီအခက်အခဲရှိမည်စိုးသဖြင့် ရဟန်းဘ၀မှ သိက္ခာချ၍ ရသေ့အဖြစ်ဖြင့် အသွင်ပြောင်းပြီး ကိုးတောင်ပြည့်ဘုရားအဖြစ် ဆက်လက် ပြုပြင်မွမ်းမံတည်ထားတာ သတ္တဝါအများ ကပ်သုံးပါးမှ ကျော်နင်းနိုင်စေရန် အဓိဋ္ဌန်ဖြင့် စေတီတော်၏ ဘွဲ့အမည်အား “ကိုးမုဒ်ပြန် ကပ်ကျော်ပတ္တမြားစေတီ ” ဟု အမည်ပေးလျှက် ကိုးန၀င်းကျေစေရန် အတွက် မန်ကျည်းကိုးပင်၊ ထန်းကိုးပင် ၊ ပိတောက်ကိုးပင်တိုးအား စေတီတော်ရင်ပြင်တွင် အဓိဌာန်ဖြင့် စိုက်ပျိုးခဲ့လေသည်။
ယခုအချိန်ထိ သာသနာ့အလင်းရောင် လှေခွင်းတောင်တန်ခိုးကြီး ကိုးမုဒ်ပြန်ဘုရားအား ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် နှစ်စဉ်တန်ခူးလဆန်း (၃) ရက်နေ့မှ (၈)ရက်နေ့အထိ ပွဲလမ်းသဘင်များ ပူဇော်ကျင်းပလျှက်ရှိပါသည်။
သို့ဖြစ်ပါ၍ အနယ်နယ်အရပ်ရပ်မှ လေ့လာသူများ ကြည်ညိုသဒ္ဒါပွားများလိုသူများအနေနှင့် သာသနာ့အလင်းရောင် လှေခွင်းတောင်သို့ လာရောက်ဖူးမျှော် ကုသိုလ် ယူနိုင်ရန် အတွက် ဖိတ်ခေါ်တင်ပြရေးသားလိုက်ရပါသည်။

မှတ်ချက်။ ။ လှေခွင်းတောင်သမိုင်းစာအုပ်မှ ကူးယူတင်ပြခြင်းဖြစ်သည်။

Comments

Popular posts from this blog

နေပြည်တော်ရှိ အထင်ကရနေရာများ အပိုင်း (၁)

နေပြည်တော်ရှိ အထင်ကရနေရာများ  အပိုင်း (၁) ၁။ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး နေပြည်တော်ပုဗ္ဗသီရိမြို့နယ်၊ ရာဇဌာနီလမ်းမကြီးအနီး နေပြည်တော် ပျဉ်းမနားမြို့၏ အနောက်မြောက်ဘက် (၂)မိုင်(၄)ဖာလုံခန့်အကွာတွင် တည်ရှိသည်။ ဤစေတီတော်မြတ်ကြီးကို ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ပုံစံတူဉာဏ်တော် အမြင့်အောက်(၁)ပေလျှော့၍ ဉာဏ်တော်အမြင့် (၃၂၅)ပေရှိ "စေတီတော်မြတ်ကြီး"ကို (၂၈-၇-၂၀၀၆)ရက်နေ့မှ စတင် တည်ထားခဲ့ရာ (၉-၃-၂၀၀၉)ရက်နေ့တွင် သပ္ပါယ်တင့်တယ်စွာ တည်ထားပြီးစီးခဲ့ပါသည်။ ၂။ မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီး မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီးသည် ဉာဏ်တော်အမြင့် ၃၂ပေရှိ ရပ်တော်မူကိုယ်တော်ကြီးဖြစ်ပြီး တန်ချိန်ပေါင်း ၁၀၉တန်ရှိ၍ စကျင်ကျောက်ရပ်တော်မူဆင်းတုများအနက် ဉာဏ်တော်အမြင့်ဆုံးရုပ်ရှင်တော်မြတ်ကြီးဖြစ်သည်။ ၂၀၁၅ခုနှစ်၊ ဇွန်လ၊ ၂၀ ရက်နေ့တွင် မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီးကို ကိန်းဝပ်စံပယ်တော်မူမည့် အောင်မောဠိတောင်ညွန့်သို့ ပင့်ဆောင်နိုင်ခဲ့ပြီဖြစ်ပြီးသီတင်းသုံးစံမြန်းမည့် ဂန္ဓကုဋိကျောင်းဆောင်နှင့် လိုအပ်သည့်သာသနိက အဆောက်အအုံများကို ဆက်လက်တည်ဆောက်လျက်ရှိသည်။ ၃။ သံဝေဇနိယလေးဌ

အာဇာနည်နေ့ ဒို့မမေ့(၁၉ ဇူလှိုင် ) အမှတ်တရ ကဗျာ

အာဇာနည်နေ့(၁၉ ဇူလှိုင် ) ************************************************      *  ကြည့်လိုက်စမ်းပါ  ကောင်းကင်မှာ         တိမ်ညိုတွေအုပ်ဆိုင်း  မြင်ကွင်းတိုင်းကလွမ်းစရာ       * ကံကြမ္မာအလှည့်အပြောင်းနဲ့          သူတော်ကောင်းတွေ  ကျဆုံးတဲ့ဒီနေ့         *သူရဲကောင်းတွေ ကျွေလွင့်ခဲ  ဒီနေ့        **အာဇာနည်တို့သွေးမြေကျ         *  မြန်မာပြည်ရဲ့ အလှမရှိတဲ့နေ့       *   ပြည်သူတစ်ရပ်လုံး  မျက်ရည်မဆည်နိုင်     *     ဇူလှိုင်မိုးနဲ့အပြိုင်   မေ့ဖို့ခက်ခဲသလို      **   မေ့ဖို့လည်းမဖြစ်နိုင်     ***     ဒီဆယ့်ကိုးဇူလှိုင်ပေါ့ ……………                  ~  မရှိတော့တာသိပေမယ့်        ~~  ဘယ်တော့ပြန်လာမလဲလို့      ~~~   အိမ်အပြင်ကို  ခဏခဏမျှော်မိတဲ့        ~~~   သူတို့သူတို့တွေအားလုံး         ~~~  ဝမ်းနည်းမဆုံးတဲ့မြင်ကွင်း          ~~ ရင်တွင်းမှာမချိလို့  ဖြေစရာရှာကြည့်တော့           ~~~ သူတို့လိုဘဲ   အားလုံးသော          ~~~   ပြည်သူအပေါင်း          **           အမိုးအကာမရှိတဲ့အိမ်လို          *   အမိမှဲ့သား ရေနည်းငါးလို           *   ဝမ်းနည်းငိုရှိုက်  သဲခိုက်နာကျင်          **  ဖြေမရွှင်ဘူး              

ပျဥ်းမနား မြို့လို့ အမည် စသွင်ခဲ့ပုံနဲ့ သမိုင်းအကျဥ်း

ပျဥ်းမနားမြို့အမည်စသွင်ခဲ့ပုံနဲ့ သမိုင်းအကျဥ်း  ################################ တောင်ငူနေပြည်တော်ကို ကရင်ဘဆိုသူ ထီးနန်းစံခဲ့ရာ သားသမီးမပေါ်ပေါက်သဖြင့် (မဗျဉ်းမ)မည်သော ကရင်မလေးတစ်ဦး မွေးစားပြီး မင်းသမီးအဆောင်အယောင်ဖြင့် ထားခဲ့သည်။ တောင်ယာလုပ်ကိုင်သော လယ်သမားလေးတစ်ဦးနောက်သို့ ချစ်ကြိုက်လိုက်ပြေးခဲ့ရာ ကရင်ဘ၏ ဘုရင့်တပ်မတော်သားများက လိုက်လံဖမ်းဆီးသဖြင့် ယခုပျဉ်းမနား ဟောင်းဟူ၍ခေါ်တွင်သော အရပ်တွင် နားနေစဉ် ဖမ်းမိလေသည်။ (ဗျဉ်းမ)နားနေသောအရပ်ဖြစ်၍(ဗျဉ်းမနား)ဟူ၍ခေါ်တွင်လေသည်။ ကာလရှည်ကြာသော် ပျဉ်းမနားဟူ၍ခေါ်ဆိုသည်။ ပျဉ်းမနားဟူသည် ရှမ်းဘာသာစကားဖြင့် (ပင်မုံန) ဟူသော ဘာသာစကားမှ ဆင်းသက်ဟန် ရှိသည်။ ပင် - စခန်း၊ မုံ - အသီး၊ န - ဖန်ခါး၊ ထို့ကြောင့် (ပင်မုံန)သည် ဖန်ခါးသီး စခန်းဟု မှည့်ခေါ်ဟန်ရှိသည်။ ဖန်ခါးပင်များ ပေါများသည့်နေရာကို ရှမ်းဘာသာစကားအရ ပင်မုံနဟု ခေါ်ရာမှ ကာလရွေ့လျားပြီး ပင်မုံနမှ ပျင်မံန-ပျဉ်းမနားဟု ခေါ်ဝေါ်ဟန် ရှိသည်။ ယခု ပျဉ်းမနားဟူ၍ ခေါ်တွင်သောမြို့၏အမည်ရင်းမှာ ရှေးအခါက (နင်းကြမ်း)ဟု ခေါ်တွင်သည်။ မြို့မတည်မီ တောင်တွင်းကြီးနယ် လက်ခုပ်ပင် ရွာသား ဦးရွှေတုတ်သည် ငါးလိုက်ချောင်းမြောက်ဘက် ရွာကောက