အာဇာနည်နေ့သန္နိဋ္ဌာန်
ကကမ္ဘာပေါ်ရှိနိုင်ငံတိုင်း၌ သမိုင်းဝင် နေ့ထူးနေ့မြတ်များများစွာရှိသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတွင်လည်း လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ အမျိုးသားနေ့ စသည်ဖြင့် ဂုဏ်ယူဖွယ် အမှတ်တရနေ့ရက်များ ရှိကြသည်။ သို့သော် လည်း အာဇာနည်နေ့ သည်ကား ဝမ်းနည်းတသ ယူကျုံးမရ ဖြစ်ရသော၊ တစ်တိုင်းပြည်လုံးအတွက် ကံဆိုး မိုးမှောင်ကျ သော အမင်္ဂလာ နေ့ရက်ဆိုးကြီးဖြစ်သည်။ သို့သော်လည်း အာဇာနည်များကို ဂုဏ်ပြုပြီး အာဇာနည် များ ချမှတ်ထားသော လမ်းစဉ်သို့ ယခုအခါ ပြည်သူ့အစိုးရသည် လျှောက်လှမ်းနေပြီဖြစ်သည်။
အာဇာနည်ပုဂ္ဂိုလ်ဟူသည်
အာဇာနည်သည် ပါဠိဝေါဟာရ အာဇာနေယျမှ ဆင်းသက်လာခြင်းဖြစ်ပြီး မြန်မာတို့က အာဇာနည်ဟု မြန်မာမှုပြု၍ ခေါ်ဝေါ် နေခြင်းဖြစ်သည်။ မြန်မာအဘိဓာန်၌ အာဇာနည်၏ အဓိပ္ပာယ်ကို ‘အကြောင်းဟုတ်၊ မဟုတ်ကို ကောင်းစွာသိသောသူ၊ သာမန်ထက် လက်ရုံးရည် နှလုံးရည် ထူးကဲသာလွန်၍ အများအကျိုးအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်သူ’ ဟု ဖော်ပြ ထားပါသည်။
အာဇာနည်ပုဂ္ဂိုလ်တို့သည် ကိုယ်ကျိုးမဖက် အနစ်နာခံခြင်း၊ အမျိုးဘာသာသာသနာအတွက် စွန့်လွှတ်အနစ်နာခံခြင်း၊ တိုင်းပြည်အတွက် အရိုးကြေကြေ အရည်ခန်းခန်း အသက်ကိုပင် ပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံ ဆောင်ရွက်ခြင်း၊ အမှန်တရားအတွက် လူထုရှေ့သို့ထွက်၍ မားမား မတ်မတ် ရပ်တည်ပေးခြင်း၊ တာဝန်ခံပေးခြင်း၊ အရာရာကို လမ်းညွှန်ပြသ ဦးဆောင်နိုင်ခြင်း၊ ပြည်သူလူထု၏ အကျိုးစီးပွားတိုးတက် အောင်ဆောင်ရွက်ပေးခြင်း၊ အကျင့်စာရိတ္တနှင့် ပြည့်စုံခြင်း၊ စည်းကမ်း လိုက်နာခြင်း စသောအရည် အချင်းများနှင့် ပြည့်စုံပေသည်။
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် မြန်မာသက္ကရာဇ် ၁၃၀၉ ခု၊ ဝါခေါင် လဆန်း ၂ ရက်၊ စနေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် နယ်ချဲ့ အလိုတော်ရိ သစ္စာဖောက် မသမာသူတို့၏ လုပ်ကြံမှု ကြောင့် ကျဆုံးသွားသော ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် အာဇာနည်ကိုးဦးတို့သည် ဖော်ပြပါအရည်အချင်းများနှင့် ပြည့်စုံသော အာဇာနည်ပုဂ္ဂိုလ်ကြီးများပင်ဖြစ်သည်။
(၇၃)နှစ်မြောက် အာဇာနည်နေ့
တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးဆပ်ကြသူများ၊ အများအကျိုးသယ်ပိုးကြသူများသည် လူပင်သေသော်လည်း နာမည်မသေသူများဖြစ်ကြသည်။ ထိုသို့သောသူများကို အချိန်ကာလ မည်မျှပင်ကြာမြင့်သည့်တိုင်အောင် တိုင်းပြည်နှင့် ပြည်သူလူထုက မေ့နိုင်ကြမည်မဟုတ်ပေ။ အမြဲသတိရလျက် လွမ်းဆွတ်တမ်းတနေကြမည်သာဖြစ်သည်။ အထူးသဖြင့် နိုင်ငံတော် လွတ်လပ်ရေး အတွက် အသက်ပေးဆပ်ခဲ့ကြသည့် အာဇာနည်ခေါင်းဆောင်ကြီး များကိုဆိုလျှင် သာ၍ပင် အမှတ်တရရှိနေကြမည်ဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့သော လွတ်လပ်ရေးဖခင် ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည်မှာ ယခုနှစ် ဇူလိုင် ၁၉ ရက်တွင် (၇၂)နှစ် ပြည့်မြောက် ခဲ့ပြီဖြစ်သည်။
ကိုအောင်ဆန်းနှင့် ဒို့ဗမာအစည်းအရုံး
ဗိုလ်ချုပ်အောင်ဆန်း၏တိုင်းပြည်အကျိုး သယ်ပိုးထမ်းရွက်မှုများနှင့် စွန့်လွှတ်အနစ်နာခံမှုများ ကို အကျဉ်းချုံးဖော်ပြရသော် ဗိုလ်ချုပ်အောင်ဆန်း မဖြစ်မီ ကိုအောင်ဆန်းသည် ၁၉၃၅ ခုနှစ်တွင် တက္ကသိုလ် သမဂ္ဂအမှုဆောင်နှင့် သမဂ္ဂမှ ထုတ်ဝေသော အိုးဝေစာစောင်တွင် စာတည်းအဖြစ် ဆောင်ရွက်သည်။ ၁၉၃၆-၁၉၃၇ ခုနှစ်တွင် တက္ကသိုလ်ကျောင်းသား သမဂ္ဂဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရပြီး နောက် ၁၉၃၇-၁၉၃၈ ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရပြန်လေသည်။ ဤသို့ ကျောင်းသားအရေးအရာများကို မဆုတ်မနစ် ဦးဆောင်ဦး ရွက်ပြုပြီးနောက် ၁၉၃၈ ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်၍ ဒို့ဗမာအစည်းအရုံးသို့ ဝင်ရောက်ပြီးလျှင် အတွင်းရေးမှူးအဖြစ် နေ့ညမနား တာဝန်ခံ ဆောင်ရွက်လေသည်။
ရဲဘော်သုံးကျိပ်
၁၉၃၉ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားလာရာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးသည် နယ်ချဲ့တို့လက်အောက်မှ လုံးဝလွတ်မြောက်ရမည်ဟူသော အဓိဋ္ဌာန်ဖြင့် ကိုအောင်ဆန်းသည် ၁၉၄၀ ပြည့်နှစ် ဩဂုတ်လတွင် ပြည်ပသို့ စစ်ပညာ သင်ယူရန် ထွက်ခွာခဲ့သည်။ ထို့နောက် မြန်မာပြည် လွတ်လပ်ရေး ရစေမည်ဟူသော ဂျပန်အစိုးရ၏ ကတိကိုယူ၍ ရဲဘော် သုံးကျိပ်နှင့် အတူ စစ်ပညာ သင်ကြားပြီး ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ဗမာ့ လွတ်လပ်ရေး တပ်မတော်ကို ဖွဲ့စည်းလေသည်။
ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းကြီးမှူးသော ဗမာ့လွတ်လပ်ရေး တပ်မတော်သည် ဂျပန်တပ် များနှင့်အတူ ပူးတွဲချီတက်လာပြီး နယ်ချဲ့များလက်မှ မြန်မာနိုင်ငံတော်ကြီးကို ပြန်လည် သိမ်းပိုက် လိုက်လေသည်။ သို့သော် ဂျပန်စစ်တပ်သည် ကတိဖောက်ဖျက်ရုံ သာမက ပြည်သူ လူထုအား ညှဉ်းပန်းနှိပ်စက်မှုများ ပြုကျင့် လာခဲ့လေသည်။
ဖက်ဆစ်တော်လှန်ရေး
ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာ့တပ်မတော်ကြီးနှင့်တကွ တစ်ပြည်လုံးကို ခေါင်းဆောင်လျက် ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်တွင် ဖက်ဆစ်ဂျပန်တို့အား အတိအလင်း စစ်ကြေညာကာ တော်လှန်ခဲ့သည်။ ထို့နောက် ဖက်ဆစ်ဂျပန် တို့အား သုတ်သင်ရှင်းလင်းပြီး ပြည်သူလူထု တစ်ရပ်လုံးအား ဖက်ဆစ်တို့၏ ကြမ်းကြုတ်ရက်စက်မှုဘေးမှ ကယ်တင်လိုက် ပြန်လေသည်။
ဗြိတိသျှတို့နှင့် လွတ်လပ်ရေးတိုက်ပွဲ
ဖက်ဆစ်ဂျပန်များ ဆုတ်ခွာထွက်ပြေးကြရပြီးနောက် ဗြိတိသျှတပ်များ ပြန်လည်ဝင်ရောက် လာပြန်ရာတွင်လည်း ဗြိတိသျှတို့သည် မြန်မာပြည်ကို လွတ်လပ်ရေးမပေးလိုဘဲ ကျွန်သက် ရှည်စေမည့် စက္ကူဖြူစာတမ်းကို ယူလာကြပြန်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဖက်ဆစ် ဂျပန်တို့ ကိုတော်လှန်ခဲ့သော ‘ဖဆပလ’ ခေါ်ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ်ကြီးကို အမျိုးသားတပ်ပေါင်းစုကြီး အဖြစ် ပြန်လည်ဖွဲ့စည်းလိုက်သည်။
ထို့နောက် လွတ်လပ်ရေးအောင်လံကြီးကိုလွှင့်ထူ၍ လွတ်လပ်ရေး တိုက်ပွဲကြီး ဆင်နွှဲပြီး ယာယီ ကြားဖြတ် အစိုးရအဖွဲ့၌ အဖွဲ့ဝင်များအဖြစ် ဝင်ရောက်ဆောင်ရွက်လေသည်။ ထိုသို့ဆောင်ရွက် စဉ်အတွင်း ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးကို အဆက်မပြတ် တောင်းဆိုနေခဲ့ရာ ၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်တွင် လန်ဒန်သို့ဖိတ်ကြားခြင်းခံရပြီး ၁၉၄၇ ခုနှစ ဇန်နဝါရီ ၂ ရက်နေ့တွင် လန်ဒန်သို့ သွားရောက် လေသည်။
တစ်နှစ်အတွင်း လွတ်လပ်ရေး
ဤသို့ဖြင့် ဗြိတိသျှအစိုးရ၏ ဖိတ်ကြားချက်အရ လန်ဒန်သို့ သွားတော့မည့်ဆဲဆဲတွင် ပြည်သူ လူထုအား အသင့်ရှိစေရန် ‘ခါးတောင်းကျိုက်မဖြုတ်ကြနှင့်’ဟုမှာကြားခဲ့သည်။ ပြီးနောက် အင်္ဂလန်ပြည် လန်ဒန်မြို့ သို့ရောက်ရှိကာ လွတ်လပ်ရေး အတွက် အရေးဆို၍ ‘အောင်ဆန်း-အက်တလီ’ စာချုပ်ကို ချုပ်ဆိုခဲ့ပြီး ‘တစ်နှစ်အ တွင်း လွတ်လပ်ရေးရရမည်’ဟူသော ရဲရဲတောက်ကတိကြီးကို ပြည်သူလူထုအား ပေးနိုင်ခဲ့လေသည်။
တိုင်းပြုပြည်ပြုလွှတ်တော်
ထို့နောက် ရှမ်းပြည်နယ် ပင်လုံ၌ ပင်လုံညီလာခံဖြင့် တစ်ပြည်ထောင်စုလုံး ညီညွတ်ရေးကို ခိုင်မြဲစွာ အုတ်မြစ်ချပြီး နောက်တစ်နိုင်ငံလုံးကိုယ်စား လှယ်များ ပါဝင်သောတိုင်းပြု ပြည်ပြု လွှတ်တော်ကြီးကို ရွေးကောက်ဖွဲ့ စည်းပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကိုရေးဆွဲ ခဲ့လေသည်။
လုပ်ကြံခံရခြင်း
ထိုနေ့သည် ဇူလိုင်လ ၁၉ ရက်နေ့ဖြစ်သည်။ ဗမာပြည်လူထုနှင့် ကကမ္ဘာ့နိုင်ငံရေးသမားများ၊ ခေါင်းဆောင်များ အတွက်ပါ ထိတ်လန့်စရာ ဖြစ်ခဲ့ရသည်။ ထိုနေ့ နံနက် ၁၀ နာရီအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဝန်ကြီးများ အစည်းအဝေး ကျင်းပနေသည်။ ကျင်းပသည့် နေရာသည် ရန်ကုန်မြို့ ဝန်ကြီးများရုံးအတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းအတွင်း၌ ဖြစ်သည်။ ရုံးခန်းအတွင်းရှိ စားပွဲသည် ‘ဂငယ်’ပုံ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ထိပ်စားပွဲ၏ အလယ်တွင် ထိုင်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ လက်ဝဲဘက်၌ ဝန်ကြီးများအဖွဲ့ အတွင်းဝန် ဦးရွှေဘော်၊ လက်ယာစားပွဲ၌ သခင်မြ၊ ဦးရာဇတ်၊ ဒီးဒုတ် ဦးဘချို၊ ဦးဘဝင်း၊ မန်းဘခိုင်တို့ အစဉ်အတိုင်း ထိုင်ကြသည်။ လက်ဝဲ ဘက်စားပွဲတွင် ဦးဘဂျမ်း၊ ဦးအောင်ဇံဝေ၊ ပျော်ဘွယ် ဦးမြနှင့် မိုင်းပွန်စော်ဘွားကြီးတို့ ထိုင်ကြသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် ဝန်ကြီးများသည် ဗမာနိုင်ငံအရေး၊ တာဝန်များနှင့် လုပ်ဆောင်ချက်များ၊ လုပ်လက်စများ၊ တွေ့ကြုံနေရသည့် အခက်အခဲများ တင်ပြဆွေးနွေးနေကြသည်။ ၁၀ နာရီခွဲခန့်တွင် အလှည့်ကျ အစိုးရ အတွင်းဝန် ဦးအုန်းမောင်ရောက်ရှိလာသည်။ အစိုးရ အတွင်းဝန် ဦးအုန်းမောင် ရောက်လာပြီး သုံး၊ လေး မိနစ်ခန့် အကြာမှာပင် စစ်ယူနီဖောင်း ဝတ်ထားသော သေနတ်ကိုင်လူ သုံးယောက် ဝင်ရောက်လာပြီး ဗိုလ်ချုပ်အောင်ဆန်းကို စတင် ပစ်ခတ်သည်။
ထိုအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းက ထိုင်ရာကထပြီး လက်ကာ၍ တစ်စုံတစ်ခုပြောသည်။ ဗိုလ်ချုပ်အောင်ဆန်း ပြောလိုက်သည်ကို မည်သူမှ သဲသဲကွဲကွဲ ကြားရခြင်းမရှိအောင် ဖြစ်နေခဲ့ သည်။ သေနတ်သမားများသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်မြကို ဦးတည်ပစ်နေချိန်တွင် ဦးရွှေဘော်နှင့် ပျော်ဘွယ်ဦးမြတို့မှာ အနောက်ဘက် ပြတင်းပေါက်မှတစ်ဆင့် တစ်ဖက်အခန်းသို့ ကူးပြေးကြသည်။ ထို့အတူ ဦးဘဂျမ်းနှင့် ဦးအောင်ဇံဝေတို့က ကြမ်းပြင်ပေါ် မှောက်လျက် လှဲချလိုက် ကြလေသည်။ ရန်သူ၏ ကျည်တောင့်များသည် ကြမ်းပေါ်၌ ပြန့်ကျဲနေသလို အခန်းတစ်ခုလုံး မီးခိုးများနှင့် လွှမ်းမိုးနေ တော့သည်။
လုပ်ကြံသူကို ဖမ်းဆီးနိုင်
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့်ဝန်ကြီး ရှစ်ဦးနှင့်ကိုယ်ရံတော် ကိုထွေးတို့ လုပ်ကြံခံရသည့် သတင်းသည် လျှပ်တစ်ပြက်အတွင်း မြန်မာနိုင်ငံသာမက အခြား အာရှ၊ ဥရောပ နိုင်ငံများသို့ လွှမ်းမိုး သွားလေသည်။ ဗိုလ်ချုပ်အောင်ဆန်းတို့ကို လုပ်ကြံသတ်ဖြတ်ခဲ့ သူများအား အမြန်ဆုံးဖမ်းဆီးပြီး ပြည်သူ့လက်သို့အပ်ကြရန် တောင်းဆိုကြသည်။ အစပိုင်းတွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် ဝန်ကြီးများအား လုပ်ကြံသူမည်သူ ဖြစ်ကြောင်း မသိဘဲအထင်မှားမှုအချို့ ရှိခဲ့သော်လည်း အချိန်တိုအတွင်းမှာပင် လုပ်ကြံသူ ဦးစောနှင့် အပေါင်းပါများကို ဖော်ထုတ်ကာ ထိုနေ့ ညနေပိုင်းတွင် ဖမ်းဆီးနိုင်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် လူ့လောကသို့ စတင်ရောက်ရှိခဲ့ပြီး ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်တွင် လူ့လောကမှ ပြန်လည်ထွက်ခွာ သွားသည်။ ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်သွားချိန်တွင် သူ၏ အသက်မှာ ၃၂ နှစ်နှင့် ၅ လကျော် လူလတ်ပိုင်းအရွယ်မျှသာ ရှိသေးသည်။ ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ချိန်တွင် သား တစ်ဦး၊ သမီး တစ်ဦးနှင့် ဇနီးတို့သာ လူ့လောကတွင် ကျန်ရစ်ခဲ့လေသည်။
ဤသို့ ပြည်သူလူထုကြီးတစ်ရပ်လုံးကို လမ်းပြခေါင်း ဆောင်လျက် မိမိ၏အသက်စည်းစိမ်ကို မြူတစ် ခြမ်းမျှ ပမာဏမပြုဘဲ ပြည်သူလူထု အကျိုး၊ ပြည်ထောင်စုကြီး၏ အကျိုးကိုသာ ရှေးရှုပြီး အပြင်းအထန် ကြိုးပမ်းဆောင်ရွက်နေဆဲမှာပင် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်တွင် နယ်ချဲ့လက်ပါးစေ မသမာသူ လူတစ်စု၏ လက်ချက်ဖြင့် ပြည်သူလူထု၏ကျေးဇူးရှင် မြန်မာ့ တပ်မတော်၏ဖခင် မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အ ောင်ဆန်းသည် လုပ်ကြံခံရပြီး ကျဆုံးသွားသည်။ ဗိုလ်ချုပ်နှင့်အတူ အခြားအာဇာနည်များ လည်း လွတ်လပ်ရေးအတွက်အသက်ပေး သွားကြရသည်။
မမေ့လျော့သော အာဇာနည်နေ့
မြန်မာ့ အာဇာနည်ခေါင်းဆောင်များ ကျဆုံးသွားသော ဇူလိုင် ၁၉ ရက်ကို မြန်မာတစ်နိုင်ငံလုံးက မေ့လျော့ခြင်းမရှိဘဲ ထိုနေ့ရောက်တိုင်း အာဇာနည်ခေါင်းဆောင်ကြီးများအား လွမ်းဆွတ်တသ အောက်မေ့သတိရလျက် ရှိနေသည်မှာ ယနေ့တိုင်ဖြစ်သည်။ ဗိုလ်ချုပ်နှင့် အာဇာနည် ခေါင်းဆောင်များအားလွမ်းဆွတ်ရင်း ယနေ့ပြည်သူ့အစိုးရသည် ဗိုလ်ချုပ် ချမှတ်ထားသော လမ်းစဉ်သို့ ဦးတည် လျှောက်လှမ်းနေသည်မှာ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအဖို့ ဝမ်းသာအားရ ကျေနပ်ဖွယ်ရာ အချက်တစ်ခုပင် ဖြစ်သည်။
ကျွန်တော်တို့ တိုင်းရင်းသားပြည်သူများကလည်း ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများအား ဦးညွတ်ဂုဏ်ပြုလျက် ဗိုလ်ချုပ်တို့လိုလားခဲ့သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးဆီသို့ အားမာန်အပြည့်ဖြင် ချီတက်ကြပါစို့ ဟု ရေးသားတင်ပြ လိုက်ရပေသည်။ ။
ဒေါက်တာအောင်သန်းဝင်း (အရှေ့တိုင်းပညာ)
- Get link
- Other Apps
- Get link
- Other Apps
Comments
Post a Comment