Skip to main content

“ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့အကြောင်း သိကောင်းစရာ”

 “ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့အကြောင်း သိကောင်းစရာ”


++++++++++++++++++++++++++++++


၀ါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ ထိုနေ့၌ ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားက ဟောကြားတော်မူသည်ကို အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်ပါသည်။



ဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ဝါဆိုလပြည့်နေ့ နေ၀င်လထွက်အချိန်၌ ပဉ္စ၀ဂ္ဂီငါးဦးတို့အား ဘုရားအဖြစ်ကို ၀န်ခံသောအားဖြင့် ဟောကြားတော်မူခဲ့ပါသည်။



ဓမ္မစကြာတရားတော်သည် ဝိနည်းမဟာဝါပါဠိတော်၌ ပဉ္စ၀ဂ္ဂိယ ကထာ-အမည်ဖြင့် လာရှိပါသည်။

ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၌ ဓမ္မစက္ကပ၀တ္တန ဝါရ-အမည်ဖြင့် လာရှိပါသည်။

မဟာ၀ဂ္ဂသံယုတ် ပါဠိတော်၌ ဓမ္မစက္ကပ၀တ္တန သုတ္တ-အမည်ဖြင့် လာရှိပါသည်။


ဓမ္မစက္ကပ၀တ္တန၏ အဓိပ္ပါယ်မှာ တရားတည်းဟူသော အသိစက်ကို ဖြစ်စေ၊ လည်စေတော်မူခြင်း-ဟု အဓိပ္ပါယ် ရပါသည်။

(ဓမ္မစက္က=တရားတော်။ ပ၀တ္တ=ဖြစ်စေ၊ လည်စေခြင်း။)


ဓမ္မစကြာတရားတော်သည် သစ္စာလေးပါးတရားကို ညွှန်းဆိုဟောကြားသော ဒေသနာဖြစ်၍ ပိဋကသုံးပုံ၏ အနှစ်ချုပ်တရားဟု ဆိုထိုက်ပါသည်။ ဓမ္မစကြာတရားတော်ကို စိစစ်သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ

(အစွန်း ၂-ခု) ကို ရှောင်ကြဉ်ရေး၊ မဇ္ဈိမပဋိပဒါ လမ်းစဉ်မှန်ကို ကျင့်သုံးရေးတို့ကို ညွှန်ကြားထားပြီး သစ္စာလေးပါးတရားကို သိမြင်စေရန် ဟောကြားထားသောကြောင့် ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော သဘောတရားကို တွေ့မြင်နိုင်ပါသည်။


ဤကဲ့သို့ အနှစ်သာရပါရှိသော တရားဖြစ်၍ ဗုဒ္ဓဘာသာ၀င် ရဟန်းရှင်လူတို့က ဓမ္မစကြာတရားတော်ကို အထူးပင်အာရုံစိုက်၍ ရွတ်ဖတ် သရဇ္ဈာယ်တော်မူကြပါသည်။ အမြို့မြို့ အရွာရွာ၌ ဓမ္မစကြာ အသင်းများ ဖွဲ့စည်းပြီး ပြန့်ပွားအောင် ဆောင်ရွက်လျက်ရှိကြပါသည်။


( ဝါဆိုလပြည့်နေ့၏ ထူးခြားချက်များ )


မြန်မာ့ရိုးရာ ၁၂-လရှိသည့်အနက် ဝါဆိုလပြည့်နေ့သည်-

၁။ ဂေါတမဘုရားလောင်း ပဋိသန္ဓေနေသောနေ့ဖြစ်၍ ထူးခြားခြင်း။

၂။ ဂေါတမဘုရားလောင်း တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၄။ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၆။ တရားရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း။

၇။ သံဃာရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း။

၈။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့်ကြုံသောနေ့ဖြစ်၍ ထူးခြားခြင်း။

၉။ ဧဟိ ဘိက္ခု-ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း။


အထက်ဖော်ပြပါ ဝိသေသအကြောင်းများကြောင့် ဗုဒ္ဓဘာသာ၀င် သူတော်စင်တို့က ဤဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားသို့ သွားရောက်၍ ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဝါဆိုသင်္ကန်း လှူဒါန်းခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအားဖြင့် ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့-ကို ဆင်နွှဲ ပြုလုပ်ကြပါသည်။


Credit - Shwe Nyar Thar


 မကြာခင်ရောက်ရှိတော့မည့် ဝါဆိုလပြည့်နေ့အကြောင်း သိကောင်းစရာလေး မျှဝေလိုက်ပါတယ်။


***********************************


ဝါဆိုလပြည့်နေ့အကြောင်း သိကောင်းစရာများ


ဝါဆိုလပြည့်ဆိုတာ မြန်မာတွေအတွက် အရေးပါလှတဲ့ နေ့လေးတစ်နေ့ပါ။ ဂေါတမမြတ်စွာဘုရား တရားဦးဟောကြားခဲ့သော ဓမ္မစင်္ကြာတရားကြောင့် ဗုဒ္ဓအလင်းရောင်တွေ ထိန်လင်းခဲ့ပါသည်။ ဓမ္မစင်္ကြာ အခါတော်နေ့ဟာ သစ္စာလေးပါးနဲ့ အမှန်တရားကို ဟောပြ ခဲ့တဲ့ နေ့ထူးနေ့မြတ် ဖြစ်ပါသည်


၀ါဆိုလပြည့်နေ့ရာဇ၀င်


ဟိုးရှေးရှေးတုန်းက… မြတ်စွာဘုရားလက်ထက်မှာ ရဟန်းသံဃာအများစုသည် မိုးတွင်းကာလမှာ စိုက်ပျိုးထားသည့် စပါးခင်းများထဲကို ဖြတ်သန်းလေ့ရှိတာကြောင့် စပါးခင်းတွေ ပျက်ဆီးခဲ့ရပါသည်။ အဲဒီအကြောင်းကို ရွာသူရွာသားများက မြတ်စွာဘုရားကို တိုင်ကြားကြပါသည်။ မြတ်စွာဘုရားသည် စပါးပင်တဲ့စိုက်တဲ့အချိန်ကနေ စ၍ စပါးပင်တွေ မှည့်တဲ့ အချိန်ထိတိုင်အောင်.. ရဟန်းသံဃာများကို မိမိသီတင်းသုံးနေသောကျောင်းမှ ဘယ်နေရာကိုမှ ညအိပ်ညနေသွားခွင့်မရှိပဲနဲ့မိမိကျောင်းမှာပဲ သီတင်းသုံးကာ တရားအားထုတ်ဖို့ အချိန်သုံးလသတ်မှတ်ခဲ့ပါသည်။ ထိုကာလကို ဝါတွင်းသုံးလလို့ ခေါ်ပါသည်။ အဲဒါကြောင့်မို့ဒီဝါတွင်း သုံးလအတွင်းမှာ ရဟန်းသံဃာများဟာ ဘယ်မှဝေးဝေးလံလံ မသွားဘဲနဲ့ ကိုယ့်ကျောင်းမှာပဲ တရားဒေသနာများကို သင်ချအားထုတ် လေ့လာ ဆည်းပူးနိုင်ပါသည် လို့ စည်ကမ်းသတ်မှတ်ခဲ့ပါသည်။


၀ါဆိုသင်္ကန်း


၀ါဆိုသင်္ကန်း- ဆိုတာ ဝါတွင်းကာလ(မိုးကာလ)၌ မိမိတို့ကျောင်းအသီးသီးတွင် သီတင်းသုံးနေထိုင်သည့် သံဃာတော်များအား လှူဒါန်းသည့်သင်္ကန်းလို့ ပြောနိုင်မယ်ထင်ပါသည်။ ဘုရားရှင် ဟောကြားတဲ့ ပါဠိတော်များမှာ ဝါဆိုသင်္ကန်းကို ဝဿာဝါသိက သာဋိက-လို့ ဟောထားပါသည်။ ပါဠိအင်္ဂလိပ်အဘိဓာန်မှာတော့ a cloak for use in the rainy season- လို့ဖွင့်ပါသည်။ တိပိဋက ပါဠိအဘိဓာန်က ဝဿာဝါသိက- မိုးကာလ၌ နေလေ့ရှိသော ရဟန်း သာဋိက-အ၀တ်(သင်္ကန်း) – မိုးကာလ၌ မိမိတို့ကျောင်းတွင် နေလေ့ရှိသောရဟန်းတို့အား ပေးလှူအပ်သော သင်္ကန်းလို့ ဖွင့်ပါသည်။

၀ါမဆိုမီကာလမှာ ဝါဆိုသင်္ကန်းကို ကပ်လှူလေ့ရှိသည်။ ဝါတွင်းကာလမှာ အရင်ကထက်ပိုလို့ စာသင်စာချ(ပရိယတ်) တရားထိုင်တရားပြ(ပဋိပတ်) လုပ်တဲ့သံဃာတော်တွေကို ဝါဆိုသင်္ကန်းဆိုပြီး ကျွန်တော်တို့ ထေရဝါဒဗုဒ္ဓဘာသာ၀င်တွေက လှူဒါန်းကြပါသည်။


      ပြန်လည်ကူးယူ ဒါနပြုခြင်းဖြစ်ပါသည်။

Credit: 🙏🙏🙏 #မဟာဓမ္မ

Comments

Popular posts from this blog

မှတ်သားဖွယ်ရာ စလင်းဝိနည်း

 မှတ်သားဖွယ်ရာ စလင်းဝိနည်း ~~~~~~~~~~~~~~~~~~~~~  အရိယာကို ပြစ်မှားမိသော် ~~~~~~~~~~~~~~~~~  ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။  မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။  အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။  ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။  ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင်  တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။   "ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။  "အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။  ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌  ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။  "သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။  အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။...

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲 ________________________________  ကန္တာရ၀တီ........... ကယား ကမ္ဘောဇ .............  ရှမ်း ကုသိနာဂရ .......... ပုသိမ် ကေတုမတီ .......... တောင်ငူ ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက် ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်  ခေမရဋ္ဌ ......... ကျိုင်းတုံ ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ် ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ် စေတုတ္တရာ .... စလင်းအနောက်ဘက် စိနရဋ္ဌ ..........  ကချင်ပြည်နယ်  စန္ဒပူရ ................  မဏိပူရဘက်နယ်စပ် စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက် ဇေယဝဍ်ဎန ........... တောင်ငူနယ် ဇေယျပူရ ............ စစ်ကိုင်း ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ် တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်  တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း ဓညဝတီ ....................  မြောက်ဦး ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ် ဒွာရာဝတီ .................... သံတွဲ နဂရာဇာ ....................  ...

ကျို့ထိုး(ကျွတ်ထိုး)ပျောက်နည်း

ကျို့ထိုး(ကျွတ်ထိုး)ပျောက်နည်း **************************** ကျွတ်ထိုးခြင်းကိုတစ်ခါတရံ လူတိုင်းဖြစ်ဖူးကြ မည်ဟုထင်မိပါသည်။ အစာလွန်၍လည်းကောင်း၊ အစာစားပြီးချိန်၌လည်းကောင်း၊ လေကြောင့်လည်းကောင်း ဖြစ်တတ်ကြပါသည်။ကျွန်တော်တို့ငယ်ငယ်က ကျွတ်ထိုးပျောက်ရန်နားကိုပိတ်၍ရေအဝသောက်ခြင်းဖြင့်ကုသခဲ့ကြပါသည်။ ထို့အပြင် မိရိုးဖလာနည်းများ ဆေးပညာနည်းများလည်း ရှိကြပါသည်။ ကျွတ်ထိုးလျှင် အသက်ရှုခက်ခဲခြင်း ၊စိတ် အဆင်မပြေဖြစ်ခြင်းနှင့် စကားပြောခြင်း အိပ်ပျော်ရန်ခက်ခဲခြင်းများလည်းဖြစ်တတ်ပါသည်။ထိုအခါစိတ်အဆင်မပြေမှုကြောင့် ဒေါသထွက်၍ ပိုဆိုးတတ်ပါသည်။ ထိုကြောင့်ကျွတ်ထိုးလျှင်ဝေဒနာကို သည်းခံဖို့အရေးကြီးပါသည်။  ယခုနည်းမှာ စိတ်ကိုအခြေခံ၍ အသက်ရှုမှု နည်းအရကုသခြင်းဖြစ်ပါသည်။ (၁)ပထမဦးစွာ ရေကိုသင့်တင့်အောင်သောက်ပါ။ (၂)လေအဝင်အထွက်ကောင်းသောနေရာတွင် ဘေးစောင်းလှဲ၍ဖြစ်စေ ထိုင်လျှက်ဖြစ်စေ သက်တောင့်သက်သာ နေရာယူပါ။ (၃)လေကိုအဆုတ်ထဲသို့တစ်ဝ အပြည့်ရှုသွင်းပါ။ရှုထားသောလေကိုပြန်ထုတ်သောအခါ တစ်ဝက်ခန့်သာပြန်ထုတ်ပါ ။အဆုတ်ထဲတွင်လေချန်ထားပါ။ပြီးလျှင် ထုတ်ထားသောလေကိုရှုပါ။ (၄)အထက်ပါအတိုင်း အပြည့်ရှု ၊တစ်ဝက်ထုတ် ၊အပြည့်ဖြစ်အောင် တစ်ဝက်ပြန်ရှု ၄...