Skip to main content

ဘာကြောင့် ကျို့ထိုးသလဲ

ဘာကြောင့် ကျို့ထိုးသလဲ

မိတ်ဆွေအနေနဲ့ သင် ပထမဆုံး ကျို့ထိုးခဲ့တာကို မမှတ်မိနိုင်ဘူးလို့ အသေအချာပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ မမွေးခင် သန္ဓေသား ဘဝတည်းက ကျို့ထိုးခဲ့လို့ပါ။ မိခင်ဝမ်းထဲမှာ သန္ဓေသားလေးတွေ ကျို့ထိုးတာက ဖြစ်ရိုး ဖြစ်စဉ် တစ်ခုပါပဲ။ ကျွန်တော်တို့ ဘဝတစ်လျှောက်မှာလည်း ကျို့ထိုးတာကို ကြုံတွေ့ရပေမယ့်၊ အဲဒီ့ သူ့အလိုလို ဖြစ်နေတဲ့ ကျို့ထိုးခြင်းဟာ ဘယ်ကနေ ဘယ်လိုဖြစ်လာတာလဲ။ ဘာလို့ဖြစ်လာတာလဲဆိုတာကတော့ နည်းနည်း လျှို့ဝှက်ဆန်းကျယ်ပါတယ်။

ကျို့ထိုးလို့ ကျွန်တော်တို့မှာ ဘာမှ အကျိုးမရှိပါဘူး။ တခါတလေ ကျို့ထိုးလို့ စိတ်ကသိကအောင့် ဖြစ်ရတယ်။ လူတွေကြားထဲမှာဆို ပိုတောင် ဆိုးပါသေးတယ်။ ကျွန်တော်တို့ ဘာလို့ ကျို့ထိုးကြသလဲဆိုတာကို အဖြေရှာဖို့အတွက် ကျွန်တော်တို့ လူသားတွေရဲ့ အတိတ်ကာလ အခြေအနေတွေကို ပြန်သွားရမှာပါ။ ကျွန်တော်တို့နဲ့ သွေးမနီးလှတဲ့ ဆွေမျိုး တိရစ္ဆာန်တွေဆီမှာ အဖြေရှာကြည့်ရမှာပဲ။ အဖြစ်နိုင်ဆုံးကတော့ ကုန်းနေရေနေသတ္တဝါတွေ၊ အထူးသဖြင့် သက်ကြီးကောင် ဖားမရောက်ခင် ရှိတဲ့ ဖားလောင်းကလေးတွေပါ။ အဲဒီ့ ဖားလောင်းတွေရဲ့ ပုံမှန်အသက်ရှုပုံနဲ့ ကျွန်တော်တို့ လူတွေရဲ့ ကျို့ထိုးမှုဟာ ဆက်စပ်နေတယ်လို့ ဇီဝဗေဒပညာရှင်တွေက သုံးသပ်ပြကြပါတယ်။

ကျွန်တော်တို့ရဲ့ အယူအဆကို ထောက်ပံ့ပေးထားတာကတော့ ကျို့ထိုးတဲ့အခါ ဖြစ်တဲ့ ကြွက်သားလှုပ်ရှားပုံတွေပါပဲ။ ဆေးပညာမှာ Singultus လို့ ခေါ်တဲ့ ကျို့ထိုးခြင်း ဖြစ်စဉ်မှာ ဘာတွေ ပါသလဲဆိုတော့၊ အသက်ရှုဖို့ အသုံုးပြုတဲ့ ကြွက်သားတွေပေါ့။ အဲဒီ့ကြွက်သားတွေထဲမှာ နံရိုးကြား ကြွက်သား (Intercostal Muscles)၊ လည်ပင်းကြွက်သားနဲ့ ရင်ခေါင်းအကန့် (Diaphragm) ပါဝင်ပါတယ်။ ရင်ခေါင်းအကန့်ဆိုတာ နှလုံးနဲ့ အဆုတ်ပါတဲ့ ရင်ခေါင်းကို အစာအိမ်နဲ့ အူတွေရှိတဲ့ ဝမ်းတွင်းခေါင်းကနေ ခြားပေးထားတဲ့ အရွတ်နဲ့ ကြွက်သားတွေနဲ့ ဖွဲ့စည်းထားသော အကန့်ကြီးကို ရည်ညွှန်းပါတယ်။ ရင်ခေါင်းအကန့်ဟာ သားရေပြားကြီးလိုပါပဲ။ ကြွက်သားတွေက ကျုံ့လိုက်ရင် အောက်ကို ကျသွားတယ်။ ပြန်လွှတ်လိုက်ရင် အထက်ကို ပြန်တက်သွားတဲ့ သဘာဝရှိပါတယ်။

အသက်ရှုသွင်းချိန်မှာ အဲဒီ့ ကြွက်သားတွေကို ကျံု့ပေးလိုက်ခြင်းကြောင့် (တနည်း အလုပ်လုပ်ခြင်းကြောင့်) ရင်ခေါင်းက ပိုကျယ်သွားတယ်။ အဆုတ်ထဲက လေဖိအား လျော့သွားတာကြောင့် လေက အဆုတ်ထဲရောက်လာပါတယ်။ အသက်ရှုထုတ်ချိန်မှာတော့ အဲဒီ့ ကြွက်သားတွေက ပြေလျော့သွားတယ်။ အဲဒီ့အခါ ရင်ခေါင်းအကန့်ကလည်း အပေါ်ကို ပြန်တက်သွားတယ်။ ဒါပေမယ့် ရင်ခေါင်းကို ကျံု့အောင် လုပ်ပေးတဲ့ နံရိုးကြွက်သားတွေ သက်သက်ရှိသေးတယ်။ အသက်ရှုထုတ်ချိန်မှာ သူတို့က တလှည့်နိုးထလာပြီး အလုပ်လုပ်ပြန်တယ်။ အသက်ရှုသွင်း ကြွက်သားတွေ ပြေလျော့ပြီး၊ အသက်ရှုထုတ်ကြွက်သားတွေ အလုပ်လုပ်တာကြောင့်၊ ရင်ခေါင်းက ပြန်ကျံု့သွားပြီး အဆုတ်လေဖိအားလည်း ပြန်တက်လာပါတယ်။ ဒီအခါ အဆုတ်ထဲက လေတွေက အပြင်ကို ပြန်ထွက်သွားတော့တယ်။

ကျို့ထိုးစဉ်မှာတော့ အထက်ပါ အသက်ရှုသွင်းတဲ့ ကြွက်သားတွေက ရုတ်တရက် ဆတ်ကနဲ ကျံု့သွားပြီး တစ်ချိန်တည်းမှာပဲ၊ အသက်ရှုထုတ်ကြွက်သားတွေက ပြေလျော့သွားတယ်။ ပုံမှန် ဖြည်းဖြည်းချင်း ဖြစ်ရမယ့် ဖြစ်စဉ်က ရုတ်တရက် ဖြစ်သွားတာပါ။ အထူးသဖြင့် ကျံု့သွားတဲ့ ကြွက်သားက ရင်ခေါင်းအကန့် ကြွက်သားတွေပါပဲ။ ရင်ခေါင်းအကန့်က ဆတ်ကနဲ အောက်ဖက်ကို နိမ့်ဆင်းသွားပါတယ်။

ကျွန်တော်တို့တွေမှာ အစာစားတာနဲ့ အသက်ရှုတာက လည်ချောင်းအပေါ်ပိုင်းမှာ လမ်းကြောင်းတစ်ခုတည်းကိုပဲ သုံးတာပါ။ ပြီးတော့မှ လေပြွန်က အစာရေမျိုလို့ခေါ်တဲ့ လည်ချောင်းပြွန်ကနေ ခွဲထွက်သွားတာ။ အဲဒီ့တော့ အစာစားရင်၊ ရေသောက်ရင် လေပြွန်ထဲကို ရောက်မသွားအောင် အသံအိုးဖုံး (Epiglottis) လို့ခေါ်တဲ့ အရိုးနုအဖုံးလေးက အသင့်စောင့်နေတယ်။ အစာနဲ့ ရေမျိုချတာနဲ့ တပြိုင်တည်းမှာ အသံအိုးဖုံးက လေပြွန်ကို ပိတ်ပေးထားပါတယ်။ အသံအိုးဖုံးရဲ့အောက်မှာ အသံအိုး (Larynx) ရှိပါတယ်။ အသံအိုးထဲမှာတော့ အသံကြိုး (Vocal Cords) နှစ်ခု ရှိတယ်။ အဲဒီ့အသံကြိုးလေးတွေက တစ်ခုနဲ့တစ်ခု ထိလုနီးပါး နီးလိုက်ပြန်ခွာလိုက် လုပ်ခြင်းအားဖြင့် အသံအိုးကနေ စကားသံကို ထုတ်လုပ်တာ ဖြစ်ပါတယ်။ အစာနဲ့ ရေမျိုချချိန်မှာ အသံအိုးဖုံးနည်းတူ၊ အသံကြိုးတွေကလည်း စေ့နေအောင် ပိတ်ထားပေးပါတယ်။

ကျို့ထိုးတဲ့ ဖြစ်စဉ်မှာတော့ ရင်ခေါင်းအကန့်က ဆတ်ကနဲ အောက်ကို နိမ့်ဆင်းသွားပြီး တစ်စက္ကန့်ရဲ့ လေးပုံတစ်ပုံလောက် အတွင်းမှာပဲ၊ အသံအိုးအဖုံး (Epiglottis) ကော၊ အသံကြိုးတွေပါ ခေတ္တပိတ်သွားပါတယ်။  အဲဒီ့လို အသံအိုးထဲကို ရုတ်တရက်ဝင်နေချိန်မှာ အသံအိုး ဝင်ပေါက် ရုတ်တရက် ပိတ်သွားတာကနေ ကျို့ထိုးတဲ့ ‘ဟု’ သို့မဟုတ် ‘ဟစ်’ ဆိုတဲ့ အသံထွက်လာတာပါပဲ။ ပြီးတော့ ကျွန်တော်တို့ ကြံုဖူးနေကျအတိုင်းပဲ၊ အဲဒါက တကြိမ်တည်း ဖြစ်လိုက်တာ မဟုတ်ပါဘူး။ စည်းချက်လေးနဲ့ အကြိမ်ကြိမ် ကျို့ဆက်တိုက်ထိုးနေတာမျိုးလေ။



ပုံ (၁) – လူ့လည်ချောင်း တည်ဆောက်ပုံ။ ပုံတွင်၊ အသံအိုးဖုံး (Epiglottis) နှင့် အသံအိုး (Larynx) တို့ကို တွေ့နိုင်ပါသည်။ အသံကြိုးပုံကိုတော့ ပုံ (၂) ၌ ရှုစားနိုင်ပါသည်။ 

ဖားလောင်းလေးတွေမှာလည်း ကျို့ထိုးခြင်းနဲ့ ပုံစံချင်းတူတဲ့ ဇီဝကမ္မလှုပ်ရှားမှုမျိုး ရှိတယ်။ ဖားလောင်းရဲ့ ဖွံ့ဖြိုးမှုတစ်လျှောက်မှာ လေရှုဖို့ အဆုတ်တွေလည်းရှိသလို၊ ရေရှုဖို့ ပါးဟက်တွေလည်း ရှိပါတယ်။ ရေရှုမယ်ဆိုရင် သူ့ပါးစပ်ထဲကို ရေစုပ်ယူလိုက်ပြီးနောက်၊ ပါးဟက်တွေဆီကို ရေကို တွန်းထုတ်လိုက်တယ်။ အဲဒီ့တပြိုင်တည်းမှာပဲ ရေတွေက လေပြွန်ထဲရောက်မသွားအောင်၊ လေပြွန်အပေါက်က ပိတ်သွားပါတယ်။ ဖားလောင်းတွေမှာ အသံကြိုးတော့မရှိဘူး။ ဒါပေမယ့် လေပြွန်အပေါက်ကို ဖုံးပေးထားတဲ့ အရေပြားလေးတော့ ရှိတယ်။ ကျွန်တော်တို့ရဲ့ အသံအိုးဖုံးနဲ့ ထပ်တူကျမယ့် ဖားလောင်းလေးရဲ့ လေပြွန်အပေါက်အဖုံးက ပိတ်ပေးရတာပါ။ သူ ပါးဟက်က အသက်ရှုတဲ့ စည်းချက်အတိုင်း လေပြွန်အပေါက်အဖုံးလေးက ပိတ်လိုက် ဖွင့်လိုက် ဖြစ်နေပါတယ်။




ပုံ (၂) – လူကျို့ထိုးပုံနှင့် နဲ့ ဖားလောင်း ပါးဟက်ဖြင့် အသက်ရှုပုံ။ ဖားလောင်းက ရေကို ပါးဟက်ရှိရာသို့ တွန်းထုတ်လိုက်သည့်အခါ၊ အဆုတ်ဖက်မှ လေပြွန်အဖုံး ပိတ်သွားသည်။ လူကျို့ထိုးသည့်အခါမှာတော့၊ ရေအစား လေကိုရှုသွင်းလိုက်သည်။ တပြိုင်တည်းမှာပဲ၊ လေပြွန်အဖုံးနှင့် အလားတူ အသံအိုးဖုံးနှင့် အသံကြိုးများ ပိတ်သွားသည် (ယာဖက် စက်ဝိုင်းအကွက်ကို ရှုရန်)။

အဲဒီ့လို ကျို့ထိုးခြင်းနဲ့ ဆင်တူတဲ့၊ ပါးဟက်နဲ့ အသက်ရှုစဉ် လေပြွန်အပေါက်ပိတ်သွားတဲ့ ဖြစ်စဉ်ကို ဖားလောင်းမှာပဲ တွေ့ရတာတော့ မဟုတ်ပါဘူး။ ဖားလောင်းနီးတူ ရေပုတ်သင် (Salamander) နဲ့ အခြားသော ကုန်းနေရေနေသတ္တဝါတွေမှာလည်း တွေ့ရပါတယ်။ ကုန်းနေရေနေသတ္တဝါတွေအပြင်၊ အဆုတ် ပိုင်ဆိုင်တဲ့ အဆုတ်ငါး (Lungfish) နဲ့ မိကျောင်းပါးစပ်ငါး (Gar) တွေမှာလည်း တွေ့ရပါသေးတယ်။

ကျို့ထိုးခြင်းနဲ့ ဖားရေရှုချိန် လေပြွန်ပိတ်ခြင်းရဲ့ လေပြွန်ကြွက်သားလှုပ်ရှားပုံတွေတင် ဆင်တူသလားဆိုတော့ မဟုတ်ပါဘူး။ လူရဲ့ ကျို့ထိုးခြင်းနဲ့ အဲဒီ့တိရစ္ဆာန်တွေရဲ့ အသက်ရှုပုံတွေကို ချိတ်ဆက်ပေးတဲ့ နောက်ထပ် သက်သေအထောက်အထား တစ်ခုကတော့၊ ကျို့ထိုးဖို့ ကျွန်တော်တို့ရဲ့ ဦးနှောက်က ပို့လွှတ်တဲ့ အာရုံကြော အမိန့်ပေးမှုတွေပါ။ ကျို့ထိုးစဉ်နဲ့ ဖားရေရှုစဉ် ရောက်လာတဲ့ အာရုံကြောအမိန့်ပေးမှုတွေရဲ့ မြစ်ဖျားခံရာနေရာကတော့ လူရော၊ ဖားမှာပါ ရှိနေတဲ့ ဦးနှောက်ညှာတံ (Brainstem) တစ်နေရာတည်းမှ ဖြစ်ပါတယ်။ ဖားရေရှုလိုက်တိုင်းမှာ သူရဲ့ ဦးနှောက်ညှာတံကနေ ပါးဟက်ရွက်တွေ လှုပ်ရှားဖို့ အမိန့်ပေးပါတယ်။ လူမှာ ကျို့ထိုးတိုင်း ကျွန်တော်တို့ရဲ့ ဦးနှောက်ညှာတံကနေ ရင်ခေါင်းအကန့်ကြွက်သားတွေကို လှုပ်ရှားဖို့ အမိန့်ပေးပါတယ်။ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၃၆ဝခန့်က ရေပုတ်သင်ကဲ့သို့ ကုန်းနေရေနေသတ္တဝါတွေကနေ တွားသွားသတ္တဝါတွေ၊ နို့တိုက်သတ္တဝါတွေ အဆင့်ဆင့် မျိုးကွဲထွက်လာကြတာ ဖြစ်လို့၊ ကုန်းနေရေနေသတ္တဝါတွေရဲ့ ဦးနှောက်ညှာတံကို ကျွန်တော်တို့ လူသားတွေက အမွေဆက်ခံကြပါတယ်။ ဒီတော့ ဖားလောင်းတွေလို ပါးဟက်နဲ့ အသက်မရှုပေမယ့်၊ ဦးနှောက်ညှာတံက အမိန့်ပေးမှုတွေ ထူးထူးဆန်းဆန်း ထုတ်လွှတ်နေတော့ လူတွေမှာ ကျိုးထိုးရပါတော့တယ်။ ဖားလောင်းမှာ ပါးဟက်နဲ့ အသက်ရှုတာကလည်း တစ်ကြိမ်တည်း ရှုတာမဟုတ်၊ အဆက်မပြတ်နဲ့ စည်းချက်ကျကျ ရှုတာဖြစ်လို့၊  လူမှာလည်း ကျို့ထိုးခြင်းဟာ တစ်ကြိမ်တည်းမဟုတ်ပဲ၊ အကြိမ်ကြိမ်နဲ့ စည်းချက်ကျကျ ကျို့ထိုးရတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း တကယ်လို့ ကျို့ထိုးခြင်းဟာ ရှေးဦး ကုန်းနေရေနေသတ္တဝါ ဘိုးဘေးတွေကနေ ဆက်ခံခဲ့တဲ့ အမွေအနှစ်ကြီးဆိုရင်၊ သူ့ရဲ့ အဆက်အနွယ်တွေက ကုန်းတိရစ္ဆာန်တွေအဖြစ် ဆင့်ကဲပြောင်းလဲလာပြီးတဲ့အခါ လက်တွေ့အသုံးမဝင်ပဲ အဲဒီလို နှစ်သန်းပေါင်း ၃၆ဝကျော်အောင် ကျန်ရစ်နေပါ့မလား ဆိုတာ မေးစရာဖြစ်လာပါတယ်။ နို့တိုက်သတ္တဝါတွေမှာတော့ ကျို့ထိုးခြင်းဟာ ကလေးကို နို့စို့တတ်ဖို့ ကူညီထောက်ပံ့ပေးတယ်လို့ အနုမာနတစ်ခု တင်ပြထားတာတော့ ရှိပါတယ်။ ဖြစ်နိုင်ချေရှိလောက်ပေမယ့်၊ ဒါကို သက်သေပြဖို့တော့ မလွယ်သေးပါဘူး။ နို့စို့စဉ်မှာ ပါဝင်တဲ့ ဦးနှောက် အစိတ်အပိုင်းတွေနဲ့၊ ကျို့ထိုးစဉ်မှာ ဖြစ်တဲ့ ဦးနှောက်အစိတ်အပိုင်းတွေရဲ့ ဆက်နွယ်မှုကို မဖော်ထုတ်နိုင်သေးပါဘူး။ ဒါကြောင့် လူတွေမှာ ကျို့ထိုးခြင်းရဲ့ ရည်ရွယ်ချက်ကတော့ လျှို့ဝှက်ဆန်းကြယ်မှုတစ်ခု ဖြစ်နေဦးမှာပါပဲ။

Crd#Kyaw Zwar Lynn

Comments

Popular posts from this blog

မှတ်သားဖွယ်ရာ စလင်းဝိနည်း

 မှတ်သားဖွယ်ရာ စလင်းဝိနည်း ~~~~~~~~~~~~~~~~~~~~~  အရိယာကို ပြစ်မှားမိသော် ~~~~~~~~~~~~~~~~~  ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။  မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။  အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။  ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။  ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင်  တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။   "ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။  "အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။  ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌  ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။  "သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။  အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။...

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲 ________________________________  ကန္တာရ၀တီ........... ကယား ကမ္ဘောဇ .............  ရှမ်း ကုသိနာဂရ .......... ပုသိမ် ကေတုမတီ .......... တောင်ငူ ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက် ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်  ခေမရဋ္ဌ ......... ကျိုင်းတုံ ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ် ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ် စေတုတ္တရာ .... စလင်းအနောက်ဘက် စိနရဋ္ဌ ..........  ကချင်ပြည်နယ်  စန္ဒပူရ ................  မဏိပူရဘက်နယ်စပ် စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက် ဇေယဝဍ်ဎန ........... တောင်ငူနယ် ဇေယျပူရ ............ စစ်ကိုင်း ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ် တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်  တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း ဓညဝတီ ....................  မြောက်ဦး ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ် ဒွာရာဝတီ .................... သံတွဲ နဂရာဇာ ....................  ...

ကျို့ထိုး(ကျွတ်ထိုး)ပျောက်နည်း

ကျို့ထိုး(ကျွတ်ထိုး)ပျောက်နည်း **************************** ကျွတ်ထိုးခြင်းကိုတစ်ခါတရံ လူတိုင်းဖြစ်ဖူးကြ မည်ဟုထင်မိပါသည်။ အစာလွန်၍လည်းကောင်း၊ အစာစားပြီးချိန်၌လည်းကောင်း၊ လေကြောင့်လည်းကောင်း ဖြစ်တတ်ကြပါသည်။ကျွန်တော်တို့ငယ်ငယ်က ကျွတ်ထိုးပျောက်ရန်နားကိုပိတ်၍ရေအဝသောက်ခြင်းဖြင့်ကုသခဲ့ကြပါသည်။ ထို့အပြင် မိရိုးဖလာနည်းများ ဆေးပညာနည်းများလည်း ရှိကြပါသည်။ ကျွတ်ထိုးလျှင် အသက်ရှုခက်ခဲခြင်း ၊စိတ် အဆင်မပြေဖြစ်ခြင်းနှင့် စကားပြောခြင်း အိပ်ပျော်ရန်ခက်ခဲခြင်းများလည်းဖြစ်တတ်ပါသည်။ထိုအခါစိတ်အဆင်မပြေမှုကြောင့် ဒေါသထွက်၍ ပိုဆိုးတတ်ပါသည်။ ထိုကြောင့်ကျွတ်ထိုးလျှင်ဝေဒနာကို သည်းခံဖို့အရေးကြီးပါသည်။  ယခုနည်းမှာ စိတ်ကိုအခြေခံ၍ အသက်ရှုမှု နည်းအရကုသခြင်းဖြစ်ပါသည်။ (၁)ပထမဦးစွာ ရေကိုသင့်တင့်အောင်သောက်ပါ။ (၂)လေအဝင်အထွက်ကောင်းသောနေရာတွင် ဘေးစောင်းလှဲ၍ဖြစ်စေ ထိုင်လျှက်ဖြစ်စေ သက်တောင့်သက်သာ နေရာယူပါ။ (၃)လေကိုအဆုတ်ထဲသို့တစ်ဝ အပြည့်ရှုသွင်းပါ။ရှုထားသောလေကိုပြန်ထုတ်သောအခါ တစ်ဝက်ခန့်သာပြန်ထုတ်ပါ ။အဆုတ်ထဲတွင်လေချန်ထားပါ။ပြီးလျှင် ထုတ်ထားသောလေကိုရှုပါ။ (၄)အထက်ပါအတိုင်း အပြည့်ရှု ၊တစ်ဝက်ထုတ် ၊အပြည့်ဖြစ်အောင် တစ်ဝက်ပြန်ရှု ၄...